၂။ သတ္တ သတ္တာဟ(၇)ဌာနစံတော်မူခြင်း။
သဗ္ဗညုတဉာဏ်တော်ကို လက်ဝယ်ပိုင်ပိုင်ရရှိ၍ ဘုရားရှင်အဖြစ်သို့ရောက်တော်မူပြီးသည့် ကဆုန်လပြည့်ကျော်(၁)ရက်နေ့မှစ၍ မြတ်ဗုဒ္ဓသည် တရားထူး၏ ချမ်းသာကို ခံစားယင်း အောက်ဖော်ပြပါ နေရာဌာန (၇) ခု၌ တဌာနလျှင်(၇) ရက်စီဖြင့်(၄၉)ရက်တိုင်တိုင် ဝါဆိုလဆန်း (၅)ရက်နေ့အထိ စံပယ်တော်မူလေသည်။ ယင်းဌာနများကို သတ္တ သတ္တာဟ ဟူ၍ မှတ်ယူကြလေကုန်သတည်း။
၁။ပလ္လင်္ကသတ္တာဟ။ ။ဗောဓိညောင်ပင်၏ အရှေ့မျက်နှာလေးတောင်ကွာ၌ တည်ရှိသော အပရာဇိတပလ္လင်ထက်ဝယ် တင်ပျဉ်ခွေစံနေတော် မူ၍(၇) ရက်တိုင်တိုင် ဝိမုတ္တိချမ်းသာကို ခံစားနေရာ အရပ်ဖြစ်သည်။
၂။ အနိမိသ သတ္တာဟ။ ။ ပလ္လင်ထက်မှ ထတော်မူ၍ အရှေ့မြှောက်၁၄လံအကွာ၌ ရပ်တော် မူကာ၊ ဤနေရာကား သဗ္ဗညုတရွှေဉာဏ်တော်ကို ရသည့်အရပ်ပါတကားဟု ဆင်ခြင်၍ မမှိတ်သော မျက်စိဖြင့် ကြည့်ရှု့လျက်(၇)ရက်တိုင်တိုင် ရပ်တော်မူရာအရပ်ဖြစ်ပေသည်။
၃။ ရတနစင်္ကမ သတ္တာဟ။ ။ထိုသို့ မမှိတ်မသုန်ရပ်၍ စံနေတော်မူရာမှ ကောင်းကင် ထက်သို့ တစ်ယူဇနာမျှတက်၍ ရေမီးအစုံ ထွက်စေခြင်းစသော တန်ခိုးပြာဋိဟာကို ပြတော်မူ၏။ ထိုနောက် သက်ဆင်း၍ ရွှေ ပလ္လင် နှင့် အနိမိသအကြား အတောင်၂ဝ ရှိသောအရပ်ကို အလယ်ထား၍ တဘက်မှ ငါးလံကွာဌာနတွင် အရှေ့မှသည် အနောက်၊ သို့မဟုတ် အတောင်ခြောက်ဆယ်ရှည်သော ရတနာစင်္ကြံကို ဖန်ဆင်းကာ(၇) ရက်ပတ်လုံး စင်္ကြံကြွတော်မူရာ အရပ်ဖြစ်သည်။
၎။ ရတနာဃရ သတ္တာဟ။ ။ထိုနောက် မဟာဗောဓိပင်မှ အနောက်မြှောက် အတောင် ၄ဝ အကွာတွင် ရတနာခုနစ်ပါးအတိပြီးသော၊ နတ်တို့ စံမံဖန်ဆင်းအပ်သည့် ရတနာရွှေအိမ်၌ ထက်ဝယ် ဖွဲ့ခွေနေတောမူလျက် ပိဋကတ်သုံးပုံကို သုံးသပ် ဆင်ခြင်စံပယ်တော်မူရာ အရပ်ဖြစ်သည်။
၅။ အဇပါလ သတ္တာဟ။ ။ထိုနောက် ဗောဓိပင် မှ အရှေ့မျက်နှာ ၃၂ လံအကွာ အဇပါလမည်သော ဆိတ်ကျောင်းညောင်ပင်ရင်းသို့ကပ်တော်မူ၍၊ ဖလ သမာပတ် ဝင်စားနေတော်မူသည်။ ထိုအခါ မာရ်နတ်သမီး သုံးယောက်က ဖြားယောင်းကြ သည်ကို ဘုရားရှင် အောင်မြင်တော်မူရာ အရပ်ဖြစ်ပေသည်။
၆။ မုစလိန္ဒ သတ္တာဟ။ ။ထိုနောက် မဟာဗောဓိပင်၏ အရှေ့တောင်မျက်နှာ ၅၁ လံ အကွာ တွင် ရှိသော မုစလိန္ဒာမည်သောအိုင်အနီး ကျည်းပင်ကြီးအရင်း၌ သီတင်းသုံးနေတော်မူရာ စကြဝဠာတိုက်အလုံးနှံ့အောင် ရွာသောအခါမဲ့မိုးကြီး စွေစာရွာသည်ကို မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှထွက်၍ မြတ်စွာဘုရားရှင်အား တစုံတရာထိပါး မညှင်းဆဲနိုင်စေရန် ကြီးစွာသော ကိုယ်ကို ဆောင်ယူ၍ တပိုင်းတခွေကို ပလ္လင်ခင်းပြီး၊ ကိုယ်တော်ကို (၇) ရစ် ပတ်ရံလျက် ဦးခေါင်းတော် ကို အထက်၌ ပါးပျဉ်းဖြင့် အုပ်မိုး၍ မိုးမစွတ်ရအောင် အုပ်မိုးတည်နေလေသည်။ဘုရားရှင်သည်နဂါးမင်း၏အခွေထက်ဝယ် (၇) ရက်ပတ်လုံး စံပယ်နေတော်မူရာ အရပ်ဖြစ်သည်။
၇။ ရာဇယတန သတ္တာဟ။ ။ထိုနောက် ဘုရားရှင် မဟာဗောဓိပင်မှ တောင်ဘက် အလံ ၄၀ အကွာတွင် တည်ရှိသော လင်းလွန်းပင်ရင်း၌ (၇) ရက် ပတ်လုံးသမာပတ်ကို ခံစား၍နေတော်မူသည်။ ထိုနေရာ၌ပင် ဥက္ကလာဇပုဒ်မြို့မှ တပုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်အား သာသနာတော် ၌ ပထမဦးဆုံးသော သရဏဂုံ နှစ်ပါးတည်စေ၍ ဆံတော်ဓာတ်များ ပေးတော်မူလေသည်။
ဤသို့အားဖြင့် ဂေါတမမြတ်စွာဘုရားသည် ဘုရားရှင် အဖြစ်သို့ ရောက်တော်မူသည့် နေ့မှ (၄၉) ရက် တိုင်တိုင် (၇) နေရာဌာနတို့၌ စံပယ်နေ တော်မူသတည်း။
ဆက်ရန်ရှိသေးသည်။
No comments:
Post a Comment