Monday, January 2, 2012

မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် (အပိုင်းတစ်)


နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓပ္ပတ္တိ (မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်)


၁။ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မှုခြင်း။
    မျိုးနွယ်အမည်အားဖြင့် ဂေါတမ၊ ကိုယ်ပိုင် အမည်းအားဖြင့် သိဒ္ဓတ္ထဟု ခေါ်တွင်သော ဗုဒ္ဓဘုရားရှင်သည် (မြန်မာအယူအဆ ဘီစီ ၆၂၃) (အခြားနိုင်ငံများ၏ယူဆချက်အရ ဘီစီ ၅၆၃) ခုနှစ် အဉ္စန မင်းကြီး၏ ဖြိုခွင်းသက္ကရာဇ် ၆၇ ခုနှစ်တွင် အိန္ဒိယပြည် အရှေ့မြောက်ပိုင်း လုမ္ဗိနီအင်ကြင်း တာတွင်း ဖွားမြင်သန့်စင်တော်မှုခဲ့သည်။ မြတ်ဗုဒ္ဓ ဟူသော စကားသည် ဘုရားတဆူ၏ ကိုယ်ပိုင်အမည်နာမ မဟုတ်ပေ။ သဗ္ဗညုတဉာဏ် တော်ကို ရရှိပြီးသော ပွင့်တော်မှုခဲ့ပြီးသည့် ဘုရားရှင်အဆူဆူတို့၏ ဘွဲနာမတော်ပင်ဖြစ်သည်။ တနည်းအားဖြင့် မြတ်ဗုဒ္ဓဟူသည် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မှုပြီး သော ပုဂ္ဂိုလ်မြတ်အား ၀ိသေသပြု ရည်ညွန်းပူဇော် သော အမည်နာမသာလျှင်ဖြစ်ပေသည်။ ထိုသိဒ္ဓတ္ထ မင်းသားသည် ဟိမ၀န္တာတောင် ခြေအနီးရှိ သကျမင်းတို့၏ တိုင်းနိုင်ငံ ကပိလ၀တ် (ယခုနီပေါနိုင်ငံ) ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးနှင့် မဟေသီမာယာဒေ၀ီ မိဖုရားကြီးတို့မှ ဖွားသန့်စင် သောသားမြတ်ရတနာဖြစ်ပေသည်။ မျိုးနွယ်အား ဖြင့် သကျသာကီဝင် ခတ္တိယမျိုးဖြစ်ပေသည်။ ကပိလ၀တ်ပြည်သည် အရှေ့ အနောက် မိုင်ငါးဆယ်၊ တောင်နှင့်မြောက် မိုင်သုံးဆယ်ခန့် ကျယ်ဝန်း၏။ မြောက်ဘက်တွင် ဟိမ၀န္တာတောင် တန်းကြီး ရှိနေပြီး၊ အရှေ့ ဘက်တွင် ရောဟနီမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းလျက်ရှိနေသည်။ အနောက် ဘက်တွင် ကောသလတိုင်း တည်ရှိလေသည်။ ထိုနေရာများ သည် ယခုအခါ ဂေါရက္ခပုရ်ခရိုင်၊ ဘိနယက်ပုရ်၊ ဘန်စီ၊ ဟာဝေလီဒေသများဖြစ်လေသည်။

   သကျမင်းတို့၏ နန်းလျာ သိဒ္ဓတ္ထမင်းသားသည် သက်တော်တဆယ့်ခြောက်နှစ်အရွယ်၌ နှမတော် ၀မ်းကွဲတော်သော ယသောဓရာဒေ၀ီနှင့် စုလျားရစ် ပတ် ထိမ်းမြှား လက်ထပ်၍ တဆယ့်သုံးနှစ် တိုင်တိုင် မင်းတို့၏ စည်းစိမ်ချမ်းသာဖြင့် စံစားနေ တော်မူသည်။ သက်တော်နှစ်ဆယ့်ကိုးနှစ်အရွယ် တွင်သားတော်ရာဟုလာကို ဖွားမြင်ခဲ့သည်။ သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်ချမ်းသာ သာ၌ အလုံးစုံ ပြည့်ဝခံစားနိုင်သော်လည်း၊ ဘ၀၏ သဘောအစစ်အမှန်နှင့် လူလောက၏ ဒုက္ခဆင်းရဲ ခြင်းများကို တွေ့မြင် သိရှိလိုက် သည်နှင့် တပြိုင်နက် တလောကလုံးရှိ သတ္တ၀ါတို့၏ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေး နည်းလမ်းကို “ငါရှာတောအံ့” ဟု စိတ်ခိုင်မာစွာ သန္နိဋ္ဌာန်ချကာ သက်တော်၂၉နှစ် မဟာသက္ကရာဇ် ၉၇ခုနှစ်တွင် လောကီစည်းစိမ် ချမ်းသာတို့ကို စွန့်လွတ်၍ တောထွက်တော် မူလေ၏။ မြတ်ဗုဒ္ဓ အလောင်းအလျာ သိဒ္ဓတ္ထ မင်းသားသည် ဖွားဖက်တော် ဆန္နအမတ်ကိုခေါ်၍ ကဏ္ဍက မြင်းကိုစီးကာ သာကီယ၊ ကောလိယ၊ မလ္လဟူသော သုံးပြည်ထောင်ကိုဖြတ်ကျော်၍ ယူဇနာ သုံးဆယ် ခရီးကို သွားပြီးနောက် အနော်မာ မြစ်ကမ်းသို့ ရောက်လေ၏။ ထိုနေရာတွင်ပင် ခရီးရပ်တန့်၍ “ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်အံ့” ဟု သန္နိဋ္ဌာန် ပြု၍ တကိုယ်တည်း တရားကျင့်နိုင်ရန် လောကီလူ့ ဘောင်နှင့် အဆက်ဖြတ်၍ တောထွက် ရဟန်းပြုတော်မူလေသည်။ တောထွက်တော် မူလာသော ရဟန်းတော် သိဒ္ဓတ္ထသည် ဂင်္ဂါမြစ်ဝှမ်းတွင် လှည့်လည်၍ တရားထူးကို ရှာဖွေလေတော့သည်။ ဝေသာလီပြည် (ယခု ဘီဟာနယ်အတွင်းရှိ မူဇာဖာပုရ်) တွင် ကျော်ကြားသော အာဠာရကာလာမ ဆရာကြီးထံ တွင်လည်းကောင်း၊ ဥဒကရာမပုတ္တဆရာကြီးထံ တွင်လည်းကောင်း တရားထူးရရန်ကျင့်စဉ်များ စူးစမ်းရှာဖွေသော်လည်း၊ မိမိသိလိုသောတရားထူး ကို မရနိုင်သည့်အတွက် ယင်းဆရာကြီးများကို စွန့်ခွာ၍ ကိုယ်တိုင်တရားလမ်းစဉ်ကို ရှာဖွေရန် ‘သေနာ’နိဂုံးရွာအနီးရှိ ‘ဥရုဝေလ’ တောသို့ ၀င်လေ၏။ 
         ဥရုဝေလတောသည် နေရဉ္စရာမြစ် (လိလာဂျန်) အနီး၌ရှိသည်။ တသွင်သွင်စီးဆင်းနေ သော ရေ၊ စိမ်းလန်းသော တော အနေအထား၊ ဆွမ်းခံရန် မဝေးလွန်း မနီးလွန်းလှသော ရွာနေအိမ်ခြေတို့ရှိသဖြင့် တရားရှာမှီးအားထုတ်ရန် အလွန် သင့်မြတ်လှပေသည်ဟု နှလုံးသွင်း၍ သီတင်းသုံးနေထိုင်လေတော့သည်။ ထိုဥရုဝေလတော၌ပင် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိအမည်တွင်သော ငါးဦးအစုဖြစ် သည့် ပဉ္စ၀ဂ္ဂီငါးဦး တို့နှင့် တွေလေ၏။ ပဉ္စ၀ဂ္ဂီငါးဦးသည် ဘုရားရှင်၏ တရားဦးကို အဦးဆုံး နာယူခွင့်ရရှိရန် အတွက် ၀တ်ကြီး ၀တ်ငယ် ပြုစု၍ ‘မြတ်ဗုဒ္ဓ’ ဘုရားရှင်ဖြစ်မည့် အချိန်ကို ငံ့လင့်သည်။ ဘုရားလောင်း သိဒ္ဓတ္ထသည် မိမိ၏အသက်နှင့် ခန္ဓာကိုယ်ကို ငဲ့ကွက်ခြင်း အလျဉ်းမပြု၊ ပြင်းထန်သော အကျင့်ကို ကျင့်လေသည်။

  ထိုအခါ ကိုယ်ကာယသည် အလွန်ပိန်ချုံးလှတော့ သည်။ ဦးခေါင်းတော်သည် နေလှန်းထားသော ဗူးသီးခြောက်ကဲ့သို့ ရှုံ့တွနေ၏။ နံရိုးအပြိုင်ပြိုင်ထ ၏။ ဝမ်းရေနှင့် ကျောပြင်သည် ထိစပ်လုမတတ် ပြားကပ်နေ၏။ ဤမျှပြင်းထန်သော ဒုက္ကရစရိယာ အကျင့်ကို ကျင့်၍ခြောက်နှစ်မျှ(မဟာသက္ကရာဇ် ၁၀၃ ခုနှစ်) ကြာသော်လည်း တရားထူးကား မရရှိ ခဲ့ချေ။ ထိုအခါ ဘုရားလောင်း သိဒ္ဓတ္ထသည် ဤသို့ ဆင်ခြင်မိလေသည်။
       ငါသည် ဤမျှ ဒုက္ကရစရိယာကျင့်သော်လည်း တရားထူးကားမရနိုင်၊ ဤအကျင့်သည် ဘုရားဖြစ် ရန်အတွက် မှန်ကန်သော နည်းလမ်း မဖြစ်နိုင်ပေ။ ဓမ္မတာအားဖြင့် သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိတို့လွန် ကဲလျှင် အကျိုးမဖြစ်ထွန်းနိုင်။ သတိသည်ကား လွန်သည်မရှိ၊ လိုသည်သာ ဖြစ်ချေ၏။ ငယ်စဉ်က ၀င်လေထွက်လေကို အမှတ်အသားပြု၍ ၀င်စားခဲ့ သော အာနာပါနဿတိဘာဝနာသည် သမာဓိကို ဖြစ်စေ၏။ ဤသည်ပင်လျှင် မိမိလိုလားသော သဗ္ဗညုတဉာဏ်၏ လမ်းစပင် ဖြစ်ပေမည်။ သတိသည် ပဓာနဖြစ်ချေ၏။ သဒ္ဓါနှင့်ပညာ၊ ဝီရိယနှင့်သမာဓိကို မျှတစေလျက် မတင်းလွန်း မလျော့လွန်းသော မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကို ကျင့်ဆောင်ပေအံ့။ဟုသုံးသပ်တော်မူ၏။   ထိုနောက် အစာရေစာကို မျှတစွာ မှီဝဲလေသည်။ ပဉ္စ၀ဂ္ဂီငါးဦးသည် ကိုယ်ကာယ ချုံးကျသည်အထိ အပြင်းအထန် ကျင့်ကြံပါသော်လည်း ရဟန်း ဂေါတမကား ဘုရားမဖြစ်နိုင်ခဲ့။ ယခု တဖန် အစာရေစာအတွက် ဆွမ်းခံပြန်လေသည်။ ရဟန်း ဂေါတမသည် တရားထူးရဖို့ ဝေးစွတကားဟု ဆိုပြီး၊ ဘုရားအလောင်းကို စွန့်ခွာ၍ တဆယ့်ရှစ်ယူဇနာ ဝေးသော ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန် (ယခု ဆာရ်နဿ်) သို့ ထွက်ခွာသွားကြလေသည်။ ဘုရားအလောင်းတော်သည် တဦးတည်း ကျန်ရစ်သောအခါ အာနာပါနဿတိဘာဝနာကို အခြေပြု၍ သမာဓိအားကို ကျင့်ကြံ၏။ သီလ၀ိသုဒ္ဓိစင်ကြင်သောအခါ၊ မိမိ၏စိတ်ကို ပွင့်သစ်စ ခရုသင်းကဲ့သို့ သန့်စင်အောင် (စိတ္တ၀ိသုဒ္ဓိဖြစ်အောင်) ပို၍ အားထုတ်ပြန်၏။ ကဆုန်လဆန်း(၁၄) ရက်နေ့ ညဥ့် သန်းခေါင်ကျော် မိုးသောက်ယံတွင် ဘုရားအလောင်းတော်သည် အိမ်မက်ကြီး ငါးပါးကို မြင်မက်တော်မူလေသည်။ ထိုသည်ကို နိမိတ်ယူတော်မူပြီး “ငါသည် ယနေ့ပင် ဘုရားဖြစ်မည် ဧကန်တည်း” ဟုပိုင်းဖြတ်တော်မူ၍ ကဆုန်လပြည့်နေ့ နံနက်တွင် သေနာနိဂုံးသို့ ကြွလေ၏။  
          သေနာနိဂုံးရွာ၌ မဟာသေနမည်သော သူဌေး၏သမီး သုဇာတာသည်၊ ကဆုန်လပြည့် နေ့တိုင်း ဃနာနို့ဆွမ်းဖြင့် ညောင်ပင်နတ်မင်းအား ပူဇော်ပသမြဲဖြစ်သည်အတိုင်း၊ ထိုကဆုန်လပြည့် တွင်လည်း နတ်မင်းအား ပူဇော်ရန် ရွှေခွက်၌ထည့်အပ်သော ဃနာနို့ဆွမ်းဖြင့် ညောင်ပင်ကြီးအခြေသို့ ရောက်လာသည်။ ထို ညောင်ပင်၌ပင် ဘုရားအလောင်းတော်ကို မြင်လေ ရာ သုဇာတာသည် အလောင်းတော်၏ ကိုယ်ရောင် ကိုယ်ဝါ တင့်တယ်ခြင်းကိုနှစ်သက်ဝမ်းမြှောက် တော်မူ၍၊ ရွှေခွက်နှင့်တကွ နို့ဆွမ်းကို ဘုရားအလောင်းအား လှူလေသတည်း။ ဘုရားအလောင်းသည် နို့ဃနာဆွမ်းကို  ခံတော်မူ ပြီးလျှင် နေရဉ္စရာမြစ်သို့ ကြွ၍ ဘုရားအလောင်း တော်တို့ ရေချိုးမြဲဖြစ်သည့် သုပ္ပတိဋ္ဌိတရေဆိပ်၌ ရေသုံးသပ်တော်မူလေသည်။ ထိုနောက် မြစ်ကမ်းစပ်အနီး သစ်ပင်ရိပ်၌ နေ့သန့်တော်မူ၍ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး ရွှေခွက်ကို နေရဉ္စရာမြစ်တွင်းသို့ အဓိဋ္ဌာန်ဖြင့် မျှောတော်မူလေ၏။ 
         ထိုနောက် နေရဉ္စရာမြစ်အနီး အင်ကြင်းတောသို့ဝင်၍ မူလကမ္မဋ္ဌာန်းဟု ဆိုအပ်သော အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းအား ထုတ်တော်မူလေရာ လောကီဈာန်သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေလေသည်။။။ ညနေ ချမ်းအချိန်သို့ရောက်လျှင် နေရဉ္စရာမြစ်ကမ်းပါး ဗုဒ္ဓဂယာ (ယခု ဘီဟာနယ်ဂယာမြို့အနီး) ရှိ မဟာဗောဓိ ညောင်ပင်ကြီးသို့ ဦးတည် ကြွချီတော် မူလေသည်။ ထိုအချိန်တွင် သောတ္တိယမည်သော မြက်ထမ်းပုဏ္ဏားသည်၊ မြက်ကို ရှစ်ဆုပ်ပြု၍ အလောင်းတော်အား လှူဒါန်းလေသည်။ ဘုရားအလောင်းတော်သည် မဟာဗောဓိ၏ အရှေ့ဘက်သို့ကပ်၍ ရပ်တော်မူပြီး “ဤအရပ်ကား သဗ္ဗညုတ ဘုရားရှင် ဖြစ်ရန် နေရာမှန်ပြီ” ဟု နှလုံးပြုကာ၊ မြက်ရှစ်ဆုပ်ကို အဖျားမှကိုင်၍ ဖြန့်ကြဲတော်မူလေသည်။ ထိုအခါ ထိုနေရာ၌ အပရာဇိတ ရတနာပလ္လင်ဖြစ်ပေါ်လာသတည်း။
   အလောင်းတော်သည် အပရာဇိတ ပလ္လင်ထက်၌ မဟာဗောဓိပင်ကို ကျောပြု၍ အရှေ့အရပ်သို့ မျက်နှာမူကာ တင်ပျဉ်ခွေ ထိုင်တော်မူလျက် “ငါသည် ဘုရားမဖြစ်သရွေ့ ဤနေရာမှ မထတော့အံ့ဟု အဂါင်္လေးပါးနှင့် ပြည့်စုံသော ဝီရိယကို ဆောက်တည်လျက်” အာနာပါနဈာန်ကို ဝင်စားလေတော့သည်။ ထိုအခါ သမ္မာသတိသည် ကောင်းစွာဖြစ်ထွန်းလျက်ပေါ်လာသည်။ ညဥ့်ဦးယံ၌မိမိသန္တာန် သူတပါးသန္တာန်၌ဖြစ်ဖူးသော ဘဝအစဉ်ကို အကုန်အစင် သိမြင်နိုင်သော၊ ပထမဝိဇ္ဇာဥာဏ်ဖြစ်သည့် ပုဗ္ဗေနိဝါသဉာဏ်တော် ကို ရတော်မူလေသည်။ ညဥ့်သန်းခေါင်တွင် ဘဝသုံးပါး၌ ဖြစ်သော သတ္တဝါတို့၏စုတိပဋိသန္ဓေ နေဟန် အနာဂတ်၌ဖြစ်လတ္တံ့သော အာရုံအပေါင်း ကျိုးကြောင်းကုန်စင် သိမြင်တော်မူသည့်ဒုတိယဝိဇ္ဇာ ဉာဏ်ဖြစ်သည့် ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရတော်မူလေသည်။ မိုးသောက်ယံအချိန်၌ သစ္စာလေးပါး  ပိုင်းခြားထင်ထင်သိမြင်၍ ကိလေ သာအားလုံး ချုပ်ငြိမ်းပယ်ခွာသည့် တတိယဝိဇ္ဇာ ဉာဏ်ဖြစ်သော၊ အာသဝက္ခယဉာဏ်ကို ရရှိတော်မူ လေသည်။တဆက်တည်းပင် ဝိဇ္ဇာရှစ်ပါး၊ စရဏ တဆယ့်ငါးပါး တရားအပေါင်းတို့ဖြင့် တန်ဆာ ဆင်ယင်အပ်သော သဗ္ဗညုတ ဉာဏ်တော်ကို ရရှိ တော်မူ၍ “ဗုဒ္ဓဘုရား” အဖြစ်သို့ ရောက်တော်မူလေ သတည်း။ လောက၏ အမြင့်မြတ်ဆုံး၊ အတည်ငြိမ် အအေးချမ်းဆုံးဘဝကို ရပြီး၊တွယ်တာခြင်း စွဲလမ်း ခြင်းကင်း၍ အလုံးစုံသိမြင်ကာ ဘဝအသစ် တဖန် ထပ်မံ မဖြစ်နိုင်တော့သော ဗုဒ္ဓဘုရားရှင် ဖြစ်တော်မူချိန်သည် သက်တော်(၃၅) နှစ် အရွယ်ပင်ဖြစ်တော့သည်။ 
    ထိုအခါမှ စ၍ မြတ်ဗုဒ္ဓ ဟူ၍လည်းကောင်း၊သမ္မာသမ္ဗုဒ္ဓဟူ၍လည်းကောင်း သစ္စာတရားကိုသိမြင်တော်မူထသော တထာဂတ ဟူ၍လည်းကောင်း၊ သကျမုနိဟူ၍လည်းကောင်း ဘွဲ့မည်ထူးခံယူတော်မူလေသည်။ မျိုးနွယ်အားဖြင့် ဂေါတမဗုဒ္ဓ၊ ဂေါတမဘုရားရှင်ဟူ၍လည်း ခေါ်ဆို သမုတ်ကြလေကုန်၏။
ဆက်ရန်ရှိသေးသည်။

No comments:

Post a Comment

မဟာရံသီ ဘလောက်ကို လာလည်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။