Friday, January 20, 2012

မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် (အပိုင်းသုံး)


၃။ တရားဦးဓမ္မစကြာမှသည် အပ္ပမာဒေန သမ္ပာဒေထ
          ဘုရားရှင်သည် သတ္တ သတ္တာဟ (၇) ဌာန စံနေရာမှထတော်မူပြီးသောအခါ မိမိရရှိထား အပ်သော တရားထူးကို ဟောကြားတော်မူရန် လောကအားလုံးကို ကြည့်တော်မူ၏။ တခါက မိမိ၏ ဆရာဖြစ်ခဲ့ဖူးသော အာဠာရကာလာမ နှင့် ဥဒကရာမပုတ္တဆရာကြီး နှစ်ပါးမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်၍၊ မိမိအား ဝတ်ကြီးဝတ်ငယ်ပြုစုခဲ့ကြသည့် ပဉ္စဝဂ္ဂီငါးဦးကို သတိရတော်မူ၍၊ တရားဦးဟောရန် ကာသိတိုင်း ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ကြွတော်မူလေသည်။ ပဉ္စဝဂ္ဂီငါးဦးသည် ဗာရာဏသီပြည်အနီးရှိ ဣသိပတန(ဆာရ်နတ်) မိဂဒါဝုန်တော၌နေစဉ်၊ မြတ်ဗုဒ္ဓ ကြွလာသည်ကို မြင်သောအခါ တရာထူးကို ရခဲ့ဟန်မတူသေး၊ ရှင်ကြီးဂေါတမကို  ခရီးဦးမကြိုစတမ်းဟု၊ အချင်းချင်း တိုင်ပင်ထားကြသော်လည်း၊ ဘုရားရှင် ၏သပ္ပါယ် တင့်တယ်ပုံကို ဖူးတွေ့ရသော အခါ၊ အလိုအလျောက် ကြိုဆိုမိကြတော့သည်။
                ထိုနောက် ဘုရားရှင်သည် နိဗ္ဗာန်ကို ညွန်ပြအပ်သော မဇ္ဈိမပဋိပဒါ တရားဦးတရားထူးကို ဟောတော်မူလေသည်။ အရိယာ သူတော်ကောင်း တို့သွားရာ မဇ္ဈိမပဋိပဒါ လမ်းစဉ်သည် မဂ္ဂင်ရှစ်ပါး ဖြစ်သည်။မှန်စွာပြုခြင်း၊ မှန်သောသတိရှိခြင်း၊မှန်စွာ တည်ကြည်ခြင်းဟူသော အမှန်တရားများသာ ဖြစ်လေသည်။ မဂ္ဂင်ရှစ်ပါးသည်၊ ကိလေသာ အပေါင်းတို့ကို ပယ်ဖြတ်၍ ဒုက္ခအပေါင်းမှ ကင်းလွတ်ရာ နိဗ္ဗာန်ချမ်းသာအတွက်တခုတည်းသော အမှန်တရားလမ်းစဉ်သစ္စာသာ ဖြစ်ပေသည် အစွန်းနှစ်ပါးဖြစ်သော လောကီအာရုံ ကာမဂုဏ် တို့၌ တွယ်ငြိ၍ ကာမဂုဏ်ချမ်းသာကို ခံစားစံစားနိုင်ရန် အားထုတ်သော အကျင့် (ကာမသုခလ္လိကာနုယောဂ) နှင့် မိမိကိုယ်ခန္ဓာကို ညှင်းပန်းနှိုပ်စက်ပြီး ကျင့်သောအကျင့်ဖြစ်သည့် (အတ္တကိလမထာနုယောဂ) နှစ်ပါးမှကင်းလွတ် သော အကျင့်လမ်းစဉ်ကို မဂ္ဂင်ရှစ်ပါးဖြင့်သာလျှင် အောင်နိုင်ရာ၏။ ဗုဒ္ဓဘုရားရှင်၏ တရားတော်မှာ သစ္စာလေးပါးကို အခြေခံသော၊ အကြောင်းအကျိုး အစီအစဉ်ကို ထုတ်ဖော်ခြင်းသာ ဖြစ်ပေသည်။ ဒုက္ခ(ဒုက္ခသစ္စာ) ဒုက္ခ၏ အကြောင်းများ (သမုဒယသစ္စာ) ဒုက္ခကို ချုပ်ငြိမ်းစေခြင်း၊ (နိရောဓသစ္စာ) နှင့် ဒုက္ခကို ချုပ်ငြိမ်းစေသော နည်းလမ်းများ(မဂ္ဂသစ္စာ) သာဖြစ်ပေတော့သည်။ ဤသို့သော တရားထူးဖြင့် မြတ်ဗုဒ္ဓလမ်းစဉ်ကို စတင် တည်ထောင်တော်မူ၍ တရားစက်ဝန်းကို လှည့်တော်မူလေသည်။ ထိုနေ့သည်ကား မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ညဥ့်ဦးယံခါ ဖြစ်သတည်း။ 
             ဗုဒ္ဓမြတ်စွာ၏ ပထမဦးဆုံးသော ဤတရားကို ဓမ္မစကြာတရားတော် (ဓမ္မစက္ကပဝတ္တနသုတ္တ)ဟု ခေါ်လေသည်။ မြတ်ဗုဒ္ဓသည် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ၏ အနှစ်သာရ အချုပ်တရားတော်ဖြစ်သည်။ ဤတရားကို ဟောကြားပြီးသည်၏အဆုံး၌၊ ပဉ္စဝဂ္ဂီ ငါးဦးသည် ဘုရားရှင်ထံပါး ရဟန်းပြုရန် ခွင့်ပန်ရာ၊ ဘုရားရှင်သည် ဧဟိဘိက္ခုခေါ်တော်မူသောအခါ၊ ပဉ္စဝဂ္ဂီငါးဦးစလုံး ပြည့်စုံသော ရဟန်းဘဝသို့ ကူးပြောင်းရောက်ရှိလာတော့သည်။ ဤသည်မှစ၍ ဂေါတမဗုဒ္ဓ၏ သာသနာတော်တွင် သံဃာရတနာ အပါအဝင် ရတနာသုံးပါးနှင့်ပြည့်စုံလေတော့သည်။ ဓမ္မစကြာ တရားဦးဟောတော်မူပြီး နောက်ငါးရက် အကြာ (ဝါဆိုလပြည့်ကျော် ၅ ရက်) တွင် ဘုရားရှင်သည် အနတ္တလက္ခဏသုတ်ကို ဟောတော်မူပြန်သည်။ ခန္ဓာငါးပါးသည် မမြဲသော အနိစ္စသဘော၊ ဆင်းရဲသော ဒုက္ခသဘော၊ အစိုးမရသော အနတ္တသဘောရှိသည်၊ ဤသည်ကို ပိုင်းခြားထင်ထင်ရှုမြင် ဆင်ခြင်နိုင်ရန်၊ ဟောတော်မူ ပြီးသည်၏ အဆုံး၌ ပဉ္စဝဂ္ဂီ ရဟန်းငါးပါးသည် အာသဝေါ တရားတို့မှ ကင်းလွတ်၍၊ ရဟန္တာများဖြစ်ကြလေကုန်သတည်း။
      ဤသို့လျှင် ဘုရားရှင်သည် ဓမ္မစကြာတရားဦးနှင့် အနတ္တလက္ခဏသုတ်တော်များကို  ဟောကြားတော် မူပြီးသောအခါ၊ သံဃာတည်းဟူသော ရဟန်း တော်များ သာသနာကို တည်ထောင်ပြီးဖြစ်သည်။ ဘုရားရှင်သည် ဂယာနှင့် ဗာရာဏသီဒေသများတွင် သာသနာတော်ကို တည်ထောင်ဖွဲ့ဖြိုးတိုးတက် စေပြီး၊ ရာဇဂြိုလ်ပြည်သို့ ကြွတော်မူလေသည်။ ထိုအချိန်တွင် ရာဇဂြိုလ်ပြည်၌ ဗိမ္ဗိသာရ မင်းကြီး စိုးစံနေဆဲကာလ ဖြစ်လေသည်။
             ထိုမင်းကြီးသည်၊ ဂေါတမဘုရားရှင် တောထွက်တော်မူစဉ်ကပင် “မြတ်ဗုဒ္ဓ” အဖြစ် မျှော်လင့်စောင့်မျှော်ကြိုဆိုနေခဲ့ ရသည့် အလျောက်ယခုကဲ့သို့ ကိုယ်တော်တိုင် ကြွရောက်လာသော မြတ်ဗုဒ္ဓကို ဖူးတွေ့ရသောအခါ ဝမ်းပန်းတသာ ခရီးဦးကြိုပြု၍ ဘုရားရှင်သီတင်း သုံးရန် ဝေဠုဝန်ဥယျာဉ်တော်ကို၊ မင်း၏နန်းတော် အာရာမ်နှင့်တကွ ရေစက်သွန်းချ လှူဒါန်တော်မူ လေသည်။ ဝေဠုဝန်ကျောင်းတော်သည် ဂေါတမ ဘုရားရှင်အား ပထမဦးဆုံး လှူဒါန်သော ကျောင်းတိုက်တော်သာ ဖြစ်သတည်း။ ထိုကျောင်းတော်၌ စံနေတော်မူစဉ်မှာပင် နောင်တွင် လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝက များအဖြစ် ရှင်မဟာမောဂ္ဂလန် နှင့် ရှင်သာရိပုတ္တရာ တို့ခိုလှုံရောက်ရှိလာပါသည်။ 
          ဤသို့လျှင် ဗုဒ္ဓသာသနာတော်သည် တဖြည်းဖြည်း ကြီးထွား ကျယ်ပြန့်လာခဲ့လေရာ၊ အပြည်ပြည်မှ ရဟန်းတော်များဖြင့် ပွားစည် ဝေဆာလာတော့သည်။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိသည့် လေးဆယ့်ငါးဝါပတ်လုံး မင်းမျိုးရာဇာ၊ ချမ်းသာ ဆင်းရဲမရွေး ခွဲခြားခြင်းမပြုပဲ မိမိ၏ တရားလမ်းစဉ်ကို အချိန်ကာလမရွေး ဟောပြတော် မူလေသည်။ ဒေသများစွာသို့ ဒေသစာရီ ကြွချီတော်မူ၍၊ သာသနာပြုလုပ်ငန်းကို ကိုယ်တော် တိုင် ကျယ်ပြန့်စွာ ဆောင်ရွက်တော်မူလေသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဗုဒ္ဓဘုရားရှင်သည်၊ မဂဓ နှင့် ကောသလတိုင်းကို ဗဟိုပြု၍ မဇ္ဈိမဒေသ တလျှောက် သာသနာတော် ဖြန့်ကြက်တော်မူသည်။ ဝံသတိုင်း၊ ဝဇ္ဇီတိုင်း၊ အင်္ဂတိုင်းသို့တိုင်အောင် ဗုဒ္ဓဘာသာသည် ထွန်းကား လေတော့သည်။ ဗုဒ္ဓမြတ်စွာသည် မိမိသာသနာ ခိုင်မာတည်တံ့စေရန် ကြိုးပမ်းအားထုတ်တော်မူ လေသည်။ မိမိ သာသနာတော်အတွင်းမှ ရဟန်းသံဃာတော်များ အဖွဲ့အစည်းအရုံးကို ဝိနည်းတော်များ ချမှတ်၍၊ သံသရာမှ ကျွတ်လွတ်ထိုက်သူများကို တရား ဓမ္မများဟောကြား ဆုံးမတော်မူလေသည်။
   သာသနာတော်ကိုကြည်ညိုသူများပြားလာသည်နှင့်အမျှ သာသနာရန်စွယ်များလည်းရှိလာသည်။ မာရ်နတ်သာလျှင်မဟုတ်တော့ပဲ၊ ဒေဝဒတ်ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပေါ်လာသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် အမျိုးမျိုးသော နည်းများဖြင့် အောင်မြင်နိုင်တော်မူခဲ့သည်။
    ၁။ မာရ်နတ်သားကို အောင်တော်မူခြင်း။
    ၂။ အာဠာဝကဘီလူးကို အောင်တော်မူခြင်း။
    ၃။ နာဠာဂီရိဆင်ကို ဆုံးမ အောင်တော်မူခြင်း။
    ၄။ စိဉ္စမာန မိန်းမယုတ်ကိုအောင်မြင်တော်မူခြင်း
    ၅။ အဂုင်္လိမာလကို အောင်တော်မူခြင်း။
    ၆။ သစ္စကပရဗိုဇ်ကို အောင်တော်မူခြင်း။
    ၇။ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူခြင်း။
    ၈။ ဗကဗြဟ္မာကို အောင်တော်မူခြင်း။ ဟူ၍ ရန်အပေါင်းအောင်မြင်သည့် အောင်ခြင်းရှစ်ပါးကို လည်း ရရှိတော်မူလေသည်။
                   ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဉာဏ်တော် ရရှိပြီးသည့် ပထမဗောဓိဟုခေါ်သော ရှေ့ပိုင်း ဝါတော်နှစ်ဆယ်တွင် တိုင်းပြည်၊ မြို့ရွာ အသီးသီး သို့ လှည့်လည်၍ တရားဓမ္မဟောကြားခြင်းအမှုကို ပြုလေသည်။ ဒုတိယပိုင်း ဝါတော်နှစ်ဆယ့်လေးဝါ ပိုင်းဖြစ်သည့် ပစ္ဆိမဗောဓိအတွင်းမှာမူ၊ သာဝတ္တိ ပြည်၌သာ ဝါဆို သီတင်းသုံးတော်မူ၍၊ ဝါကျွတ်သော အခါမှသာ ဒေသစာရီကြွချီ၍ ကျွတ်ထိုက်သူတို့အား၊ တရားအမြိုက်ကို တိုက်ကျွေးတော်မူလေသည်။ မြတ်စွာဘုရား သာသနာတော်အတွက်၊ စွမ်းဆောင်ကြိုးပမ်းတော် မူသော လေးဆယ့်ငါးဝါကာလပတ်လုံးတွင်၊ ဟောကြားခဲ့သည့် တရားအစုစုနှင့် ဒေသစာရီ ကြွချီခဲ့သည့် ခရီးစဉ် အပေါင်းကား အလွန်ကျယ်ဝန်း များပြားလှပါသည်။ ထိုသို့ သာသနာတော် အကျိုးအတွက် လည်းကောင်း၊ သတ္တဝါများအတွက် လည်းကောင်း မြတ်ဗုဒ္ဓသည် ကြိုးပမ်း အားထုတ်ယင်း မဟာသက္ကရာဇ် (၁၄၇)ခုနှစ်၊ (မြန်မာအယူအဆ ဘီစီ-၅၄၃ ခုနှစ်ခန့်)(အခြားနိုင်ငံများ၏အယူအဆအရ ဘီစီ-၄၈၂-ခုနှစ်ခန့်)သို့ရောက်လာလေသည်။ ထိုနှစ်သည် မြတ်ဗုဒ္ဓ၏ နောက်ဆုံးဝါဆိုနှစ် ဖြစ်ပေတော့သည်။
                    မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးသည် ရာဇဂြိုဟ်မှစ၍ ကုသိနာရုံမှာ အဆုံးသတ်ခဲ့သည်။ ဘုရားရှင်သည်ရာဇဂြိုဟ်ရှိ ဂိဇ္ဈကုဋ်တောင်၌သီတင်းသုံးတော်မူစဉ် အဇာတသတ်မင်း စေလွတ်အပ်သော၊ ဝေဿကာရအမတ်ကြီးကို အကြောင်းပြု၍ မင်းတို့ ကျင့်အပ်သော၊ တရား(၇) ပါး(ရာဇအပရိဟာနိယ) နှင့် သံဃာတော်တို့ လိုက်နာအပ်သောတရား (ဘိက္ခုအပရိဟာနိယ)တို့ကို ဟောကြားတော်မူ လေသည်။ ဤသည်တို့မှာ မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည်၌ နောက်ဆုံး ဟောကြားတော်မူခဲ့ သည့် တရားပင် ဖြစ်တော့သည်။ ထိုနောက်မြတ်ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်ကိုဖယ်ခွာ၍ အမ္ဗလဋ္ဌိကာ ဥယျာဉ်နှင့် နာလန္ဒာမြို့သို့ ကြွခဲ့သည်။ ထိုနှစ်နေရာ၌ တရားဓမ္မများ  ဟောကြားပြီးလျှင် ပါဋလိရွာသို့ ကြွတော်မူ၏။
                      ထိုနောက် ဝေသာလီပြည်သို့ လည်းကောင်း၊ ထိုမှ ဗေဠုဝရွာသို့ လည်းကောင်း ကြွတော်မူ၍၊ ထိုနှစ်၌ မြတ်စွာဘုရားရှင်သည် နောက်ဆုံးဝါအဖြစ်၊ ဝေဠုဝရွာ၌ ဝါဆိုတော်မူလေသည်။ ထိုဝါတွင်း၌ပင် ဘုရားရှင်သည် ပြင်းထန်စွာ နာမကျန်း ဖြစ်တော်မူ သည်။ ထိုအခါ တပည့်ရဟန်းများကို စုဝေးစေပြီး၊ ယခုအချိန်မှ သုံးလလွန်သည့်အခါ၊ ပရိနိဗ္ဗာန်စံဝင် တော့မည့်အကြောင်းကို အတိအလင်း မိန်းတော်မူ လေသည်။ သီတင်းကျွတ်သည့်အခါ ဘုရားရှင် သည်၊ ဝေသာလီပြည်မှ ဘဏ္ဍုရွာ၊ ဟတ္တိရွာ၊ သမ္ဗရွာ၊ ဇမ္ဗုရွာတို့မှ တဆင့် ဘောဂမြို့သို့ ကြွချီ၍ တရားဓမ္မဟောပြတော်မူပြန်သည်။ ဘောဂမြို့မှ တဆင့် ပါဝါပြည်သို့ ကြွချီတော်မူပြန်သည်။ ပါဝါ ပြည်သည် မလ္လာမင်းတို့၏၊ နေပြည်တော်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည်၊ ပါဝါမြို့သား ပန်းထိမ်သည်သား စုန္ဒလုလင်၏ သရက်ဥယျာဉ်၌ နားနေတော်မူစဉ် စုန္ဒကပ်လှူသည့် အလွန်အနံ့အရသာနှင့် ပြည့်စုံ သည့် ‘သူကရမဒ္ဒဝ’ ဆွမ်းကို ဘုဉ်းပေးတော်မူသည် ဤစုန္ဒလုလင်၏ ဆွမ်းကား ‘မြတ်ဗုဒ္ဓ’ ၏နောက်ဆုံး ဘုဉ်းပေးသောဆွမ်းဖြစ်လေသည်။ ထိုအချိန်တွင် မြတ်ဗုဒ္ဓ၏ သက်တော်မှာ ရှစ်ဆယ်ရှိပြီဖြစ်သည်။
                  အလွန်အိုမင်းသောဇရာဒုဗ္ဗလိအရွယ်တွင် ဝေးကွာ လွန်းသော၊ အရပ်များသို့ မနားမနေ ဒေသစာရီ ကြွရောက်ပြီး၊ ရောက်လေရာ၌ တရားဓမ္မများ ဟောကြားခဲ့လေသဖြင့် ပင်ပန်းတော်မူလှပြီ။ ထိုအချိန်တွင် အလွန်ကြေညက်ခဲ့သော ‘သုကရမဒ္ဒဝ’ ဆွမ်းကို ဘုဉ်းပေးတော်မူလိုက်သောအခါ၊ ပြင်းထန်သည့် ဝမ်းသွေးသွန်ရောဂါဖြစ်တော်မူ သည်။ ထိုရောဂါကြားမှပင် ဘုရားရှင်သည်၊ ပါဝါပြည် နှင့် သုံးဂါဝုတ် (၇-မိုင်) နီးပါးမျှဝေးသော ကုသိနာရုံမြို့သို့ နားနားနေနေခရီးဆက်တော် မူသည်။ လမ်းခရီး၌ရှိသော၊ ကကုဓာမြစ်သို့ရောက် သောအခါ၊ ရေမိုးသန့်စင်နားနေတော်မူယင်း၊ အာနန္ဒာအား၊ ဆွမ်းတကာတို့တွင်၊ သဗ္ဗညုတကို ရရှိသည့် ပထမဦးဆုံး နံနက်ဆွမ်း (သုဇာတာ၏ ဃနာနိုဆွမ်း) နှင့် ပရိနိဗ္ဗာန်ပြုတော်မူခါနီး နောက်ဆုံးဘုဉ်းပေးသည့် ဆွမ်း (စုန္ဒ၏ သုကရမဒ္ဒဝ) ဆွမ်းလှူရခြင်း၏ မြတ်သော သဘောကို ရှင်းလင်းဟောကြားတော်မူလေသည်။
           ထိုအရပ်မှထွက်ခွာ၍ ဟိရညဝတီမြစ်ကို ကူးဖြတ် ပြီး၊ ကုသိနာရုံ မြို့အဝင်ရှိ၊ အင်ကြင်းဥယျာဉ်သို့ ရောက်တော်မူသောအခါ၊ အင်ကြင်းပင်ပျိုတို့ အကြား၊ မြှောက်အရပ်သို့ ဦးခေါင်းပြုကာ၊ ခင်းထား အပ်သော ညောင်စောင်းထက်တွင် လက်ယာ ခြေပေါ်၌ လက်ဝဲခြေကို စဉ်းငယ်လွန်ကာ တင်ထား ၍ လက်ယာ နံပါးဖြင့် လျောင်းစက်တော်မူသည်။ မလ္လာမင်းတို့လည်း အခြေအနေ အရပ်ရပ်ကို ရိပ်မိကုန်သည်ဖြစ်၍၊ ကြောင့်ကြပူဆွေးကြကုန်လေသည်။ ထိုနေ့သည်ကား (မြန်မာအယူအဆ ဘီစီ-၅၄၄ ခုနှစ်) (အခြားနိုင်ငံများအယူအဆ ဘီစီ-၄၈၃ ခုနှစ်)  မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အဂါင်္နေ့ပင်ဖြစ်သတည်း။
                  အရှင်အာနန္ဒာသည် ဘုရားရှင်ပရိနိဗ္ဗာန် ပြုတော့မည်ကို ပြင်းစွာစိုးရိမ်တော်မူ၍၊ ဤသို့ မေးလျှောက်လေသည် အရှင်ဘုရား၊ ရှင်တော်ဘုရား ပရိနိဗ္ဗာန်စံဝင်သွား ပြီးနောက်အခါ၌ ကြညိုမြတ်နိုးဖွယ် ဖူးမြှော်ခွင့်၊ ဆည်းကပ်ခွင့် ရှေးအခါကလို တပည့်တော်များ ရကြတော့မည် မဟုတ်တော့ပါဘုရားဟု လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်က-ချစ်သား အာနန္ဒာ၊ လုမ္ဗိနီအင်ကြင်းတောအရပ် ဌာနသည်လည်းကောင်း၊ မဟာဗောဓိမဏ္ဍိုင်အရပ် ဌာနသည်လည်းကောင်း၊ မိဂဒါဝုန်တော အရပ်ဌာနသည်လည်းကောင်း၊ ကုသိနာရုံအရပ် ဌာနသည်လည်းကောင်း၊ ဤသံဝေဇနိယလေးဌာနတို့သည် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား ကောင်းများအဖို့ ဖူးမြှော်ထိုက်၍၊ ယင်းသို့ ဖူးမြှော်သူအား၊ သံဝေဂရစေမည့် လေးဌာနဖြစ်ပေ သည်။ သဒ္ဓါတရားနှင့် ပြည့်စုံသော ဘုရားရှင်၏ ပရိသတ်လေးပါးတို့သည်။
       ၁။ “ဤ လုမ္ဗိနီ အင်ကြင်းတော ဌာန၌ ဘုရားရှင် ဖွားမြင်တော်မူ၏။
        ၂။  ဤ မဟာဗောဓိမဏ္ဍိုင်၌ ဘုရားရှင်သည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်တော် (သဗ္ဗညုတ)ကို ရတော်မူ၏။
        ၃။ ဤ မိဂဒါဝုန်တောအရပ်၌ ဘုရားရှင်သည် အမြတ်ဆုံး ဓမ္မစကြာ တရားတော်ကို ဟောမြွက် တော်မူ၏။
        ၄။ ဤ ကုသိနာရုံအရပ်၌ ဘုရားရှင်သည် ခန္ဓာအကြွင်းမရှိသော ငြိမ်းချမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။” ဟူ၍လည်းကောင်း ကြံစည်အောက်မေ့ကြလျက် လာရောက်ကြလိမ့်မည်။
                  ချစ်သားအာနန္ဒာ၊ ဤသို့သော သံဝေဇနိယ ဌာနများ၊ စေတီပုထိုးများသို့ ဘုရားဖူးလှည့်လည် ကြကုန်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည်၊ ကြည်ညိုခြင်း သဒ္ဓါရှိကြကုန်သည်ဖြစ်၍ ထိုသူတို့သည် သေသည် ၏ အခြားမဲ့၌ကောင်းရာ သုဂတိနတ်ဘုံဘဝသို့ လားကြ၊ ရောက်ကြကုန်လိမ့်မည် ဟူ၍ ဗုဒ္ဓဘုရားရှင်သည် ဟောကြားဆုံးမတော်မူ၏။
              တဖန် ဆက်လက်၍ မိန့်တော်မူသည်မှာ- ချစ်သား အာနန္ဒာ၊ ဘုရားရှင်၊ ပစ္စကဗုဒ္ဓါ၊ ဘုရားရှင်၏ အရိယာသာဝက၊ စကြဝတေး၊ ဤပုဂ္ဂိုလ်လေးပါး တို့သည် စေတီတည် ထိုက်ကုန်၏။ စေတီတည်ထားကိုးကွယ်ကြလျှင် အကျိုးထူးကို ရရှိကြကုန်အံ့-
 ၁။ ဤစေတီသည် ဘုရားရှင်၏စေတီတော်တည်း။
 ၂။ ဤစေတီသည် သစ္စာလေးပါးကို ကိုယ်တိုင်သိ မြင်သော ပစ္စေကဗုဒ္ဓါ၏ စေတီတည်း။
  ၃။ ဤစေတီသည် ဘုရားရှင်၏ တပည့်အရိယာ သာဝက၏ စေတီတည်း။
  ၄။ ဤစေတီသည် တရားစောင့်သော စကြဝတေးမင်း၏ စေတီတည်း။
ဟူ၍၊ ထိုသို့သော စေတီများကို ကြည်ညိုသဒ္ဓါဖြင့် လူတိုင်းသည် ပူဇော်ကြလေသော်ဤ ဘဝမှလွန် လေလျှင် နတ်ရွာသို့ရောက်ကြရကုန်၏။ ဟူ၍ ဆုံးမတော်မူလေသည်။
            ညဥ့်ဦးယံဝယ် မလ္လာမင်းတို့အား တရားညွန်ပြပြီး သန်းခေါင်ယံကာလ၌ နောက်ဆုံးသာဝက (ပစ္ဆိမသာဝက) ဖြစ်မည့် သုဘဒ္ဒါပရဗိုဇ်ကြီးအား ဆုံးမရှင်းပြတော်မူလေသည်။ မိုးသောက်ယံကျ သောအခါ ရဟန်းသံဃာတို့ကို ရုံးစုခေါ်တော်မူ၍--  
                        “ဟန္ဒဒါနိဘိက္ခဝေ ၊ အာမန္တယာမိဝေါ။
                        ဝယဓမ္မာသင်္ခါရာ၊  အပ္ပမာဒေနသမ္ပာဒေထ”။ ( ဒီ၊၂၊ပါ-၁ဝဝ)
            ရဟန်းတို့ပြုပြင်စီရင်အပ်သော သခါင်္ရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့မလျော့သော အပ္ပမာဒတရားဖြင့် နေကြကုန်လော့” ဟူ၍ နောက်ဆုံးမှာကြားတော် မူလေသည်။ ထို့နောက် စကားတစုံတရာ မိန့်ကြားတော်မမူတော့ချေ။ ပရိကံဘာဝနာ အလုပ်ကို ပြုလုပ် ပွားများလေသည်။ ရူပါဝစရဈာန်လေးပါး၊ အရူပါဝစရဈာန်လေးပါးကို အစဉ်အတိုင်းဝင်စားတော်မူ၏။ ထိုနောက် သညာ၊ ဝေဒနာတိုချုပ်ရာ နိရောဓသမာပတ်ကို ဝင်စား တော်မူ၏။ ထိုနောက် နိရောဓသမာပတ်မှ ထတော်မူ၍ အမြင့်ဆုံးဖြစ်သော အရူပါဝစရဈာန်၊ ထို့နောက် အောက်အောက်ဖြစ်သော ဈာန်တို့ကို အစဉ်အတိုင်း ဝင်စားတော်မူ၏၊
                ထိုနောက် အထက်ထက်သော ဈာန်တို့ကို အစဉ်အတိုင်း ဝင်စားတော်မူယင်း စတုတ္ထဈာန်၌ ပါသောဈာန် အဂါင်္နှစ်ပါးကို ဆင်ခြင်ပြီးမှ မဟာကြိယာဇောတို၏ အဆုံးဝယ် ဘဝင်စိတ်ဖြင့် ဒုက္ခဇာတ်သိမ်း ပရိနိဗ္ဗာန်စံဝင် ချုပ်ငြိမ်းသွားတော်မူလေ၏။
                ထိုနေ့သည်ကား (မြန်မာအယူအဆ ဘီစီ-၅၄၄ ခုနှစ်) (အခြားနိုင်ငံများအယူအဆ ဘီစီ-၄၈၃ ခုနှစ်) မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်ညလွန်ပြီး အရုဏ်တက်ဦးလင်းအားကြီး အချိန်ပင် ဖြစ်တော့သည်။
                 
            ဆက်ရန်ရှိသေးသည်

No comments:

Post a Comment

မဟာရံသီ ဘလောက်ကို လာလည်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။