Friday, May 25, 2012

မျက်မှောက်ခေတ် အထင်အရှားဖူးတွေ့ရသည့် သာသနိကဌာနများ



သံဝေဇနိယလေးဌာန


ဗုဒ္ဓမြတ်စွာသည် ကုသိနာရုံ၌ ပရိနိဗ္ဗာန်စံယူတော်မူ ခါနီးတွင် အာနန္ဒထေရ်အား ခေါ်တော်မူ၍  “ဖူးမြှော် ထိုက်၍ ဖူးမြှော်သူများအား အကျိုးများစေလိမ့်မည်” ဟု သံဝေဇနိယလေးဌာနကို ရည်ညွန်းဖော်ပြ ဟောကြား တော်မူခဲ့ လေသည်။ (ပြဆိုခဲ့ပြီး) ထိုသံဝေဇနိယ လေးဌာနသည် ယခုအခါ မဇ္ဈိမတိုင်း (အိန္ဒိယ နှင့် နီပေါလ်)၌ အဓိကရထားရှိ ထိန်သိမ်းကြ လေသည်။ ထိုသံဝေဇနိယလေးဌာနကို စတင်ဖော် ထုတ်၍ ထိန်သိမ်း ခဲ့သူမှာ မဂဓတိုင်း၊ မောရိယမင်းဆက်၌ အထင်ရှားဆုံးဖြစ်သည့် ဘုရင်အသောက မင်းတရားကြီးသည် ဘီစီ ၂၄၄ ခုနှစ်တွင် သံဝေဇနိယ လေးဌာနသို့ ကိုယ်တိုင် လှည့်လည် မှတ်သားထားခဲ့သည်။ နှောင်းလူတို့သည်    အသောက မင်းတရားကြီး၏ ကျေးဇူးကြောင့် ထိုသံဝေဇနိယ လေးဌာနကို ကောင်းစွာဖူးမြင် ပူဇော်နိုင်ခဲ့ကြ လေ သည်။
(က) လုမ္ဗိနီအင်ကြင်းတော(ဖွားတော်မူရာ)
   ဗုဒ္ဓခေတ်။  ။ကပိလဝတ်ပြည်မှ (၁၂)မိုင်းဝေး သော နေရာတွင်ရှိသည်။ ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒန မင်းကြီး၏ မိဖုရားကြီး မယ်တော် မာယာဒေဝီသည် မီးရှူးသန့်စင် ဖွားမြင်ခါနီး အချိန်တွင် အမိအဘများရှိရာ ဒေဝဒဟပြည်သို့အသွား ကပိလဝတ်ပြည်မှ ၁၂ မိုင်ဝေးသောနေရာသို့ ရောက်သောအခါ ကိုင်းညွတ်၍ ကျနေ သော အင်ကြင်းပင်ပျို၏ ကိုင်း တကိုင်းကို ဆွဲကိုင်ထိတွေ့ လေလျှင် မတ်မတ်ရပ်လျက် ကမ္မဇလေလှုပ်ရှား၍ ဖွားမြင်ခြင်းကိစ္စ ပြီးမြောက်လေ၏။ ဖွားမြင်သော သားတော်၏ အမည်မှာ သိဒ္ဓတ္ထဖြစ်၍၊ နောင် ၃၅ နှစ် ကြာ သောအခါ သဗ္ဗညုတရွှေဉာဏ်ရှင် ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူလေသည်။ ထိုသို့ ဘုရားရှင် ဖွားမြင်ရာ အင်ကြင်းပင် တောအုပ်သည် လုမ္ဗိနီ အင်ကြင်းတောဟူ၍ ကျော်ကြားလေသည်။ သံဝေဇနိယ လေးဌာနအနက် ပထမဆုံး ဌာန ဖြစ်လေသည်။
   ယနေ့ခေတ်။   ။ လုမ္ဗိနီကို ယခုအခါတွင် ရုမ္မိဒေယီဟုခေါ်သည်။ နီပေါလ် NEPAL နိုင်ငံတွင်ရှိ သည်။ ရုမ္မိဒေယီနေရာကို ၁၈၉၆ ခုနှစ်တွင် နာမည်ကျော် အိန္ဒိယရှေးဟောင်း သုတေသန ပညာရှင် ဆာအလက် ဇန္ဒ-ယားကန်းနင်းဟန်းက တူဖော်တွေ့ရှိသည်။ ယနေ့လုမ္ဗိနီကို အဝေးမှ ကြည့်လျှင် ကျွန်းငယ်တခုကဲ့သို့ ထင်ရ သည်။ ၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ ကျေးဇူးကြောင့် “လုမ္ဗိနီ ဖွံ့ဖြိုးရေး စီမံကိန်း” တရပ်ချမှတ်ပြီး ပြုပြင်ထိန်းသိမ်း ဖော်ထုတ်လျက်ရှိသည်။ လုမ္ဗိနီတွင် ယနေ့တွေ့ရှိနိုင်သော စိတ်ဝင် စားဖွယ်များမှာ-
၁။ အသောကကျောက်တိုင်။  ။ ဤကျောက်တိုင်သည် အလွန် စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းကို ဖော်ပြ သည်။ ဘီစီ ၂၄၄ ခုနှစ်  တွင် အသောက မင်းတရားကြီးသည် လုမ္ဗိနီသို့ ရောက်လာခဲ့ရာ ဘုရားရှင် မွေးဖွား ရာတွင် ကျောက်စာတိုင် တတိုင် စိုက်ထူခဲ့ပေသည်။ ယနေ့ တွေ့မြင်နိုင်သော ကျောက်တိုင်၏ အမြင့်မှာ ၁၃ ပေ ၆ လက်မ ဖြစ်ပြီး လုံးပတ်မှာ ၇ ပေ ၃ လက်မ ဖြစ်၍ မြေထဲ၌ ၁၀ ပေခန့် စိုက်ဝင်နေသည်ဟုဆိုသည်။ ကျောက်စာတိုင်တွင် ဗြာဟ္မီအက္ခရာဖြင့် စာကြောင်း ငါးကြောင်း ဤသို့ ရေးထိုးထားလေသည်။ “ဒေဝါနံပီယ ဒဿီ မည်သော မင်းတရားကြီး (အသောက)သည် ဘိသိက်ခံတော် မူပြီး နှစ်၂၀ အကြာတွင် ဗုဒ္ဓသကျမုနိ ဖွားတော်မူသော ဤနေရာသို့ ကိုယ်တိုင် ကြွရောက်ဖူးမြင်ကြည်ညို တော်မူလေသည်။ ဤနေရာသည် မြတ်ဗုဒ္ဓ ဘုရားရှင်ကို ဖွားမြင်တော်မူသည်ဟု ပြသရန် အလို့ ငှာအတွက် သိန္ဓောမြင်းရုပ် ထုလုပ်၍ ဤကျောက်တိုင် စိုက်ထူ တော်မူသည်။ လုမ္ဗိနီဟု ခေါ်တွင်သော ဤကျေးရွာကိုလည်း ဘုရားရှင် ဖွားမြင်တော်မူရာ ဖြစ်သော ကြောင့် ဘာသာရေး ဆိုင်ရာ ခိုင်းကြေးတို့မှ လွတ်ကင်းစေပြီး နှစ်ဖို့တဖိုသော မြေခွန်ကိုသာလျှင် ထမ်းဆောင် စေလေသည်။”
၂။ရှေးဟောင်းဘုန်းတော်ကြီးကျောင်း။  ။ အုတ်မြစ် အခြေများ လေးထောင့်ပုံစံဖြင့် အုတ်မြစ်များကို နီပေါလ်  အစိုးရက တူးဖော်တွေ့ရှိထားသည်ကို ကြည့်လျှင် တချိန်က အလွန်ကြီးကျယ်သော ကျောင်းတော်ကြီး ဖြစ် ကြောင်း သိနိုင်လေသည်။
၃။ မာယာဒေဝီကျောင်းတော် ။  ။ ဖွားတော်မူသည့် သိဒ္ဓတ္ထမင်းသားငယ်နှင့် ဆက်နွယ်သည့် ကျောက်ရုပ်တု များ ရှိသည့် ကျောင်းတော်နေရာကို ခေတ်မီ ပုံစံဖြင့် ပြင်ဆင်ထားသည်။ ဤကျောင်းတော် နေရာသည်လည်း အသောကမင်းတရားကြီး တည်ထားခဲ့သော နေရာဟောင်း ပေါ်တွင်ပင် ပြန်လည် တည်ဆောက်ထားဟန် ရှိ သည်ဟု သုတေသီတို့က ယူဆကြသည်။
၎။ရေကန်ငယ်။  ။ဤကျောင်းတော်အနီးတွင် ရေကန်ငယ်တခုရှိရာ သိဒ္ဓတ္ထမင်းသား၏ ပထမဦးဆုံး ရေသုံး သပ်ရာ ရေကန်ငယ် ဖြစ်သည်ဟု ယူဆကြသည်။
 ၅။ခေတ်သစ်စေတီတော်နှစ်ဆူ။  ။နီပေါလ်အစိုးရက တည်ထားကိုးကွယ်သော ဗုဒ္ဓနာထစေတီ နှင့် သွယံဘူ စေတီတော် တို့ဖြစ်သည်။
  (ခ) ဗုဒ္ဓဂယာ (ပွင့်တော်မူရာ)
    ဗုဒ္ဓခေတ်။   ။သိဒ္ဓတ္ထမင်းသားသည် သက်တော် ၂၉ နှစ်တွင် တရားရှာရန် တောထွက်တော် မူလာရာ သေနာ နိဂုံးရွာ အနီးရှိ နေရဉ္ဇမြစ်နားမှ ဥရုဝေလတောသို့ ဝင်လေသည်။ သေနာနိဂုံးရွာ အနီးတွင် ဖွားဖက်တော် မဟာ ဗောဓိပင် ရှိလေသည်။ ထိုဗောဓိပင်ရင်း၌ပင် မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ၏။ ထိုကြောင့် ဗောဓိမဏ္ဍိုင် ဌာန သို့မဟုတ် သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူရာ အရပ်ဖြစ်သဖြင့် သံဝေဇနိယလေးဌာနတွင် ဒုတိယဌာနအဖြစ် မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် သတ်မှတ်ခဲ့သည်။
   ယနေ့ခေတ်။  ။မြတ်ဗုဒ္ဓဘုရားရှင် နှင့် ဆက်စပ်ရာဌာန ဖြစ်သဖြင့် ဗုဒ္ဓဂယာဟု ခေါ်တွင်သည်။ အသောက မင်းတရားကြီးသည် ဤမြင့်မြတ်သောဌာနသို့ ရောက်ရှိလာရာတွင် ကျောက်စာတိုင် စိုက်ထူခဲ့သည်။ ဘုရားရှင် ပွင့်တော်မူရာ နေရာအဖြစ် ဗုဒ္ဓဘာသာဝင် မင်းတိုင်းက စိတ်ဝင်စား ကြည်ညိုကြသည့် အလျောက် ဗုဒ္ဓဝင် သမိုင်းစဉ်ဆက်များကို မပျောက်ပျက်ရအောင် ထိန်သိမ်း စောင့်ရှောက်ကြသည့်နည်းတူ မွမ်းမံခြင်း အသစ် ဆောက်လုပ်ခြင်းများလည်း ရှိသည်။ မြန်မာနိုင်ငံမှ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးသည် ပင်လျှင် ၁၈၇၄ ခုနှစ်တွင် ဓမ္မသာလာ ဇရပ်တန်ဆောင်းတခု ဆောက်လုပ် လှူဒါန်းခဲ့ဖူးလေသည်။ ယနေ့ ဗုဒ္ဓ ဂယာသည် ဗုဒ္ဓဝင်ဆိုင်ရာ ဌာနတခုအဖြစ် ဘုရားဖူးမြော် ကြည်ညိုသူများ အတွက်သာ ကြီးကျယ် မြင့်မြတ် သော ဌာနမဟုတ်ပေ။ ရှေးဟောင်းသုတေသန၊ သမိုင်းသုတေသီများ အတွက်ပါ စတ်ဝင်စားဖွယ်ရာ နေရာ ဒေသကြီး တခု ဖြစ်နေပေသည်။ ဗုဒ္ဓဂယာတွင် ယနေ့တွေ့ရှိနိုင်သော စိတ်ဝင်စားဖွယ်၊ ကြည်ညိုဖွယ်ရာများစွာ ရှိသည်။
၁။ မဟာဗောဓိပင် ။  ။ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ညောင်ပင်ဖြစ်သော်လည်း သမ္မာသမ္ဗောဓိကို အောင်မြင် တော်မူရာဖြစ်သဖြင့် မဟာဗောဓိပင် ဟု ခေါ်သည်။ ဘုရားအလောင်း ပွင့်တော်မူရာ မူလ ဗောဓိ ညောင်ပင်မှ အနွယ်မပျက် ဆက်လက်ထိန်း သိမ်းထားခဲ့သော ဗောဓိညောင်ပင်ကို တွေ့နိုင်သည်။
၂။ မဟာဗောဓိစေတီတော်။  ။ ဗုဒ္ဓဂယာတွင် အထင်ရှားဆုံး စေတီတော် ဖြစ်သည်။ အမြင့် ဉာဏ်တော်ပေ ၆၀ ရှိပြီး၊ လေးမြှောင့်ပုံသဏ္ဌာန် ဖြစ်သည်။ အသောက မင်းတရားကြီး စတင် တည်ထားကိုးကွယ် ခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် မူလလက်ကျန် အကြွင်းအကျန်မျှပင် မတွေ့ ရတော့ပေ။ ယနေ့တွေ့ရသော ကြီးကျယ်ခမ်း နားသော ဗုဒ္ဓဘာသာယဉ်ကျေးမှု လက်ရာများနှင့် အဆောက်အဦးမှာ တဖြည်းဖြည်းပြုပြင် တည်ထားသော နှောင်းလက်ရာဖြစ်သည်။ အကြိမ် ပေါင်းများစွာ မူရင်းအတိုင်း ထပ်မံ အသစ် တည်ဆောက်ပြုပြင် မွမ်းမံခဲ့သဖြင့် နေ့စွဲနှင့် အနုပညာပုံသဏ္ဌာန်တို့ကို စဉ်းစားဆုံးဖြတ်ရန် မလွယ်ကူပေ။ သို့ရာတွင် ခရစ် သက္ကရာဇ် ၃ နှစ်ရာ စုတွင် ခရီးလှည့်လည်ခဲ့သော တရုတ်ဘုရားဖူး ခရီးသည် ရွန်ဆန်း (HIUEN TSIANG) ၏ မှတ်တမ်းအရ သူ မဟာဗောဓိသို့ ရောက်ခဲ့သော အေဒီ ၆၃၇ ခုနှစ်တွင် ယခုဖူးတွေ့ရသည့် အရွယ်ပုံ သဏ္ဌာန် အနေအထား အတိုင်း ရှိသည်ဟု ဖော်ပြခဲ့ သည်။ မြန်မာနိုင်ငံ ပုဂံပြည်၌ ပုံစံတူ စေတီတဆူ တည်းထားခဲ့သည်။
 ၃။ဝဇီရာသနပလ္လင်။   ။စိန်ပလ္လင်ဟုခေါ်သော ပလ္လင်ဖြစ်သည်။ မဟာဗောဓိစေတီတော် နှင့် မဟာဗောဓိပင် အကြား၌ရှိသည်။ အုတ်ခုံအမှတ် အသားပြု၍ထားရာ ဂေါတမ မြတ်စွာဘုရားသည် ဤနေရာ၌ပင် သဗ္ဗညုတ ရွှေဉာဏ် တော်ကို ရရှိခဲ့သည်ဟု ရည်မှတ်၍ ဗုဒ္ဓဘာသာဝင်များ အထူး ကြည်ညိုရာ နေရာဖြစ်သည်။ အပရာဇိတပလ္လင်ဟု ခေါ်သည်။
 ၄။သတ္တ သတ္တာဟ(၇)ဌာန။   ။မြတ်ဗုဒ္ဓဘုရား ရှင်အဖြစ်သို့ ရောက်ပြီးသော အခါ နေရာဌာန တခုစီတွင် (၇) ရက် စံတော်မူရာ နေရာဌာနပေါင်း (၇) နေရာကို အမှတ်အသားပြု၍ထားသည်။
    -ဗောဓိပင်နှင့် ရွှေပလ္လင်(အထက်၌ပြခဲ့ပြီး)
    -အနိမိသစေတီတော်။ဉာဏ်တော် ၅၅ ပေရှိ
      စေတီတော်ငယ်ဖြစ်သည်။
     -စင်္ကမ(ခေါ်)ရတနာစင်္ကြံတော်။ မဟာဗောဓိ
      စေတီတော် မြောက်ဘက်။
   -ရတနာဃရ(ခေါ်) ရွှေအိမ်။ မဟာဗောဓိစေတီ
    တော်ကြီး၏ အနောက်ဘက် ပေ ၃၀၀ အကွာ၌
    ရှိသည်။ ဗောဓိသတ္တပုံရှိသည်။
   -အဇပါလနိဂြောဓ(ခေါ်) ဆိတ်ကျောင်းညောင်
    ပင်။ယခုမရှိတော့ပေ၊ အသောကမင်းတရားကြီး
    စိုက်ထူခဲ့သော ကျောက်တိုင်တခုသာ ၁၂ ပေ
    အမြင့်ခန့် ကျန်တော့သည်။
   -မုစလိန္ဒာအိုင်။ မဟာဗောဓိစေတီတော်ကြီး၏
    တောင်ဘက် တမိုင်ခန့်အကွာတွင် နေရာပျပျ
    သာ ရှိတော့သည်။
    -ရာဇယန (ခေါ်) လင်းလွန်းပင်ခြေရင်း။ မဟာ
     ဗောဓိစေတီတော် တောင်ဘက်။
 ၅။ ကျောက်လက်ရန်းများ ။   ။ မူလကစေတီတော် ကြီးကို ဝိုင်း၍ ပတ်ထားသော ကျောက်ပွတ်လုံး လက်ရန်း များဖြစ်သည်။ သုင်္ဂခေတ် အနုပညာလက် ရာများဖြစ်သည်။
 ၆။ နေရဉ္ဇရာမြစ် ။   ။ မဟာဗောဓိစေတီ၏ အရှေ့ဘက် ကိုက် ၃၀၀ အကွာ၌ရှိသည်။ လီလာဂျန် ခေါ် ဖလဂူမြစ်ဟု ခေါ်သည်။
 ၇။ သုဇာတာအိမ်နေရာ။   ။ မြတ်ဗုဒ္ဓဘုရားရှင်အား ပထမဦးဆုံး ဆွမ်းကပ်လှူသည့် ဃနာနို့ဆွမ်း ဒကာမ သုဇာတာ၏ အိမ်နေရာဟု သတ်မှတ်ထားသော အုတ်ခုံနေရာ ဖြစ်သည်။ နေရဉ္ဇရာမြစ် အရှေ့ ဘက်ကမ်းကူး နေရာ၌ ရှိသည်။
 ၈။ ဥရုဝေလရသေ့ကျောင်းသင်္ခမ်း။  ။ဘုရားရှင် သည် ပထမဝါဆို၍ သီတင်းကျွတ်တွင် ကိုယ်တော် တိုင်ကြွ၍ ဥရုဝေလရသေ့ကြီးကို ချွတ်ရန်ရသေ့ကြီး ၏ မီးတင်းကုပ်၌သီတင်းသုံးစဉ် မီးတင်းကုပ်ရှိ နဂါးကြီးနှင့် ဘုရားရှင် တန်ခိုးပြိုင်ရာမှ အနိုင်ရရှိရာ နေရာဖြစ်သည်။ ယခုအခါ မီးတင်းကုပ်နေရာ၌ နဂါးရုပ် တစ်ရုပ်ရှိသည်။
 ၉။ ဒုက္ကရစရိယာကျင့်ရာနေရာ။  ။ဥရုဝေလတော ဘုရားရှင် ဒုက္ကစရိယာ ကျင့်ရာနေရာမှာ ယခုအခါ တောအုပ် ငယ်တခု အဖြစ် ဗုဒ္ဓဂယာမှကြည့်လျှင် မြင်တွေ့ရသည်။ ၎င်းနေရာ၌ လှိုင်ဂူအတွင်း မြတ်ဗုဒ္ဓ ဒုက္ကရစရိယာ ကျင့်နေတဲ့ ရုပ်ပွားတော်ပုံရှိသည်။
(ဂ) မိဂဒါဝုန်(ဓမ္မစကြာတရာဦး ဟောတော်မူရာ)
      ဗုဒ္ဓခေတ်။   ။ဘုရားရှင်အဖြစ်သို့ ရောက်ပြီး နောက် ပထမဦးဆုံး တရားဦးဟောရန် အတွက် ဒုက္ကရစရိယာ ကျင့်စဉ်က ဝတ်ကြီး ဝတ်ငယ် ပြုစုခဲ့သည့် ပဉ္စဝဂ္ဂီငါးဦးရှိရာ ဗာရာဏသီပြည်အနီးမှ ဣသိပတန မိဂဒါဝုန် တောသို့ ကြွရောက်ခဲ့လေသည်။ ထိုတောတွင် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီငါးဦးအား ဒုက္ခ၏ ဆန်းကြယ်ပုံနှင့် အောင်မြင် နှိမ်နှင်းခြင်း နည်းလမ်းများကို ဟောပြခဲ့လေသည်။ ထိုအခါမှစ၍ ဓမ္မစက္ကပဝတ္တနဟူ၍ တရားဓမ္မ စက်ဝန်းကို လည်စေခဲ့သည့် အတွက် ဣသိပတန မိဂဒါဝုန်သည် ဗုဒ္ဓသာသနာတော် စတင်ပေါက်ဖွား ရာမြေမြတ်မဟာဖြစ်သည်ဟု ဆိုနိုင်ပေသည်။
  ယနေ့ခေတ်။   ။ဣသိပတန မိဂဒါဝုန်ကို ယခုအခါ ဆာရ်နတ် (SARNATH) ဟု ခေါ်သည်။ အသောက မင်း တရားကြီးသည် ဆာရ်နတ်သို့ ရောက်ရှိပြီး ကျောက်စာတိုင်ပေါင်း များစွာကိုရေးထိုးခဲ့သည်။ အဓိကရ ကျော် ကြားသော နေရာဌာနများကို ဖော်ထုတ်ခဲ့သည်။ ယနေ့ခေတ်တွင် ဆာရ်နတ်၌ တွေ့နိုင်သည့် အထင်ကရ စေတီတော်မှာ ဓမ္မစက္က (ဓမ္မေခ) စေတီတော်ကြီးပင်ဖြစ်သည်။ ယင်းစေတီ တော်ကြီးမှာ ကြီးကျယ်ခမ်းနား သကဲ့သို့ အသောက မင်းတရားကြီး စိုက်ထူထားခဲ့သော ကျောက်တိုင်မှ လက်ရာမြောက်လှသော ခြင်္သေ့ရုပ်တု ကြီးမှာလည်း သမိုင်းအထောက်အထား တခုအဖြစ် ယခုအခါ ဆာရ်နတ်ပြတိုက်၌ တွေ့ရသည်။ ဆာရ်နတ်မှ စိတ်ဝင်စား ကြည်ညိုဖွယ်ရာ များစွာရှိသည်။ ရှေးဟောင်းပြတိုက် တခုလည်းရှိသည်။
၁။ချောက်ခဏ္ဍီစေတီတော်။ ။ကုန်းမြင့်ထိပ်ပေါ်တွင် ရှစ်ထောင့်မုခ် ပြသာဒ်နှင့် တည်ဆောက်ထားသော အုတ်မြေပုံအမြင့်ကြီး တခုဖြစ်သည်။ ယနေ့ တွေ့ရှိရသော လက်ရာကိုကြည့်ခြင်းအားဖြင့် ၁၅၈၈ ခုနှစ်၌ အက္ကဘာဘုရင် တည်ထားသည့် လက်ရာ ဖြစ်နိုင်လေသည်။
၂။ဓမ္မရာဇိကစေတီတော်။   ။အသောကမင်းတရား ကြီး ကျောက်စာတိုင်၏ တောင်ဘက်၌တွေ့ရသော စက်ဝိုင်း ပုံ စေတီငုတ်တို့ ဖြစ်သည်။
၃။အသောကမင်းတရားကြီးကျောက်စာတိုင်။  ။ဓမ္မစကြာ တရားဦးဟောရာ အရပ်ကို ညွန်ပြထားခြင်း ဖြစ်သည်။ မူလအမြင့် ပေ(၇၀) ရှိဟန်တူသော်လည်း ယခု (၈) ပေခန့်သာ မြေမှာကျန်ရစ်သည်။ စာအမှတ်အသား တစုံတရာမရှိ။ အသောက လုမ္ဗိနီ ကျောက်တိုင် ပြီးလျှင် ဒုတိယတိုင်ဖြစ်သည်။
၎။မူလဂန္ဓကုဋိဝိဟာရ။   ။အနာဂါရိကဓမ္မပါလ ဦးစီးသည့် မဟာဗောဓိ အသင်းကြီးက တည်ဆောက် လှူဒါန်းသည်။ ပေ ၁၁၀ မြင့်ပြီး စုလစ်ချွန်အထွက် တင်ထားသော ပြာသာဒ် ဆောင်ကြီး ဖြစ်သည်။ မြတ်ဗုဒ္ဓ ရုပ်ပွားတော်တဆူ နှင့် ဓါတ်တော်ကြုတ်ရှိသည်။
  (ဃ) ကုသိနာရုံ(ပရိနိဗ္ဗာန်စံတော်မူရာ)
   မြတ်ဗုဒ္ဓခေတ်။   ။ပါဝါပြည်မှ ပန်းထိမ်သည်သား စုန္ဒကပ်လှူသော “သုကရမဒ္ဒဝ”ဆွမ်းကို နောက်ဆုံး ဘုဉ်း ပေးပြီးသော မြတ်ဗုဒ္ဓသည် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါ ဖြစ်တော်မူသည်။ ထိုရောဂါ ကြားမှ ဘုရား ရှင်သည် မိမိ ပရိနိဗ္ဗာန်ပြုရာအရပ် ဖြစ်မည့် သုံးဂါဝုတ်မျှ ကွာဝေးသော ကုသိနာရုံပြည်သို့ ကြွတော်မူသည်။ ဟိရညဝတီမြစ်ကို ကူးဖြတ်ပြီး ကုသိနာရုံမြို့ အဝင်အင်ကြင်းဥယျာဉ်သို့ ရောက်တော်မူ သောအခါ အင်ကြင်းပင် ပျိုတို့ကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ခင်းထားအပ်သော ညောင်စောင်းတွင် လျောင်းတော်မူသည်။ ထိုနေ့ သည်။ သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်အင်္ဂါ နေ့တည်း။ ထိုညလွန်မြောက်ပြီး အရုဏ်တက်လုနီး အချိန်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူ လေသည်။ ထိုကြောင့် ကုသိနာရုံကို မြတ်စွာဘုရား၏ သံဝေဇနိယ လေးဌာနတွင် နောက်ဆုံးအဖြစ် ကိုယ်တော်တိုင် သတ်မှတ် ဟောကြားတော်မူခဲ့ လေသည်။
 ယနေ့ခေတ်။   ။ယနေ့ကာလတွင် ကုသိနာရုံဒေသ ကို ဥတ္တရပရာဒေ့ရ် ဂေါရက္ခပူရ်ခရိုင်ကဆိယ (ယသိယ)ဟု ယူဆကြလေသည်။ အသောကမင်း တရားကြီး တည်ထားခဲ့သည် ဆိုသော မဟာပရိနိဗ္ဗာန စေတီတော်သည် ဂုပ္ပတခေတ်မှစ၍ ရက်စွဲထိုးထားသဖြင့် နောက်ထပ်တည်ထားသော စေတီတော်၏ မြုပ်နေသည်ဟု ယူဆကြ သည်။ အခြား သာသနိကဌာနများစွာရှိကြသည်။
၁။ဘုရားကျောင်းတော်။ မဟာပရိနိဗ္ဗာနစေတီတော် အနီး၌ရှိသည်။ အတွင်း၌ မြောက်ဘက်သို့ ဦးခေါင်းပြု၍ အနောက်ဘက်သို့ မျက်နှာမူကာ လျောင်းတော်မူ ဆင်းတုတဆူရှိသည်။ လက်ရာ အလွန် မြောက်လှသဖြင့် သက်တော်ထင်ရှားအလား ထင်ရသည်။ ဖူးတွေ့ရသူတိုင်း ဘုရားရှင် ပရိနိဗ္ဗာန် ပြုနေသည့်အလား ခံစားရသဖြင့် ဝမ်းနည်းကြေကွဲ သံဝေဂရသည်အထိ လက်ရာမြောက်လှသော ဆင်းတုတော်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများက ရွှေပြားကပ်ခြင်း၊ ပိုးသားသင်္ကန်း ကပ်လှူခြင်းပြုကြသည်။ ၂၃ပေ၉ လက်မရှည်သော ညောင် စောင်းသဏ္ဌာန် အုတ်ခုံပေါ်တွင် အရပ်တော် ပေ နှစ်ဆယ်ရှိ ဆင်းတုဖြစ်သည်။ အနီးအပါးတွင် အာနန္ဒာ မထေရ်ပုံတော်ဆင်းတု၊ မလ္လာမင်းသား တဦးနှင့် သုဘဒ္ဒ ရဟန်းကြီးပုံတူများအပြင် အခြား ပုံဖော်၍မရသူ ငါးဦး ပုံတူများလည်းရှိသည်။ ဤဆင်းတုတော်ကို အေဒီ ၅ ရာစုတွင် ထုလုပ်လှူဒါန်းသည်ဟု စာရေးထိုးပါရှိသည်ကို ထောက်ထား၍ သိနိုင်ပါသည်။
၂။မဟာပရိနိဗ္ဗာနစေတီ။  ။ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာ နေရာတွင် တည်ထားသော စေတီတော်ဟု ယူဆနိုင်သည်။ စေတီတော်အတွင်း တွေ့ရှိရသော ကြေးပြားပုရပိုက်နှင့် ဒင်္ဂါး ၆ ပြားကို ထောက်ထား၍ စေတီ တော် ဒါယကာမှာ ကုမာရဂုပ္ပတ (အေဒီ၄၁၃-၄၅၅) ဖြစ်သည်ဟု ယူဆရသည်။
၃။အင်္ဂါရစေတီ သို့မဟုတ် မကုဋဗန္ဓစေတီ။ ။မဟာပရိနိဗ္ဗာနစေတီ၏ အရှေ့ဘက် ၆ ဖာလုံ အကွာ၌ တည်ရှိသည်။ ဘုရားရှင်၏ ဓာတ်တော်မွေ တော်များကို အညီအမျှခွဲဝေနေရာ၌ တည်ထားခဲ့ သော စေတီဟု ယူဆကြသည်။ ဤနေရာကို ယခုအခါ ရာမ်ဘာရ် RAM BHAR ဟုခေါ်သည်။
ဤဖော်ပြပါ လေးဌာနသည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့သော သံဝေဇနိယ လေးဌာန ဖြစ်သည်။ ဤလေးဌာနသည် ဗုဒ္ဓဘာသာ ဝင်တိုင်းအတွက် သွားရောက် ဖူးမြောက်ထိုက်သော နေရာများ ဖြစ်သည်။ ဤနေရာ၌ ဤသို့သော ဝိသေသထူးများ ဖြစ်ခဲ့ကြသည်ဟု အောက်မေ့ သတိရနိုင်သည် ဆိုလျှင်ပင် ကောင်းစွာအကျိုး ဖြစ်ထွန်းပေမည်ဟု ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သတည်း။
၂။ဗုဒ္ဓဝင်လာအခြားဌာနများ
 အထက်ပါ သံဝေဇနိယ လေးဌာနအပြင် ဗုဒ္ဓဝင်၌ ပါရှိသောအခြားအရေးပါသည့် သာသနိက ဌာနများ စွာရှိ သည့် အနက် ယနေ့ခေတ်တွင် တွေ့ရှိရသော နေရာဌာနများကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၁။ကပိလဝတ်။   ။နီပေါလ်ပြည်ပိုင်နက်၌ရှိသော ပါဒါရီးယား PADARIA ဟုခေါ်သည်။ လုမ္ဗိနီမှ ၁၀ မိုင် အကွာ တွင်ရှိသည်။ ရောဟိနီ (ယခု ကိုဟန် KOHAN) မြစ်အနီး၌ ရှိပြီး ဟိမဝန္တာတောင်တန်း အခြေတွင်ရှိသည်။ နိဂလိဝ NIGLIWA ကျောက်စာတိုင်ကို အသောက မင်းတရားကြီး စိုက်ထူခဲ့သည်ကို ၁၈၉၈ ခုနှစ်၌ တူးဖော် တွေ့ ရှိခဲ့သည်။
၂။ကောသမ္ဗီ။   ။ယနေ့ အိန္ဒိယနိုင်ငံ အလာဟာဘတ်မြို့မှ ၃၈ မိုင် အကွာတွင်ရှိသည်။ ယနေ့အခေါ် ကောဆမ် KOSAM ဟုခေါ်ပြီး ရွာငယ် သာသာမျှသာ ရှိတော့သည်။ JUMNA မြစ်အနီး ကမ်းပါးပေါ်၌ ရှိသည်။ ယနေ့ခေတ် တူးဖော်တွေ့ရှိထားသော ကောသမ္ဗီမြို့ ရိုးဟောင်း သည် ပေ ၃၀ ခန့်မြင့်သည်။ ၄ မိုင် အကျယ်အဝန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။ အသောက မင်းတရားကြီး စိုက်ထူသွားသည်ဟု ယူဆရသော ၂၂ ပေ မြင့် ကျောက်တိုင် တတိုင်လည်း တွေ့ရှိရသည့်ပြင် ဆာရ်နတ်၌ တွေ့ရသော ဗောဓိသတ္တ ဆင်းတုတော်နှင့် တထေရာတည်း ဖြစ်သည့် ကျောက်ဆင်းတုတဆူ လည်းရှိသည်။
၃။နာလန္ဒာ။   ။မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးတွင် နာလန္ဒာကို ဝင်သွားကြောင်း မဟာပရိနိဗ္ဗာန သုတ်တွင် တွေ့ရသည်။ အရှင်သာရိပုတ္တရာ ဖွားမြင်ရာအရပ်ဖြစ်သည်။ ယနေ့ခေတ်တွင် ရာဇဂြိုဟ်မှ (၇) မိုင် အကွာတွင် ရှိသော ဗာရ်ဂေါန် BARGAON ရွာကလေးနေရာပင်ဖြစ်သည်ဟု အသိအမှတ်ပြုကြသည်။ နာလန္ဒာသည် ရှေးက အလွန် ကြီးကျယ်သော ဗုဒ္ဓတက္ကသိုလ်ကြီး ဖြစ်ခဲ့သည်။ အေဒီ ၅ ရာစုမှ ၁၂ ရာစုအထိ နှစ်ပေါင်း ၈၀၀ တိုင်တိုင် စာသင်သား ရဟန်းတော် ၁၀၀၀၀ ကျော်မျှ မှီတင်းသီတင်းသုံးရာအဆောက် အဦးကြီးဖြစ်၍ ကြီးကျယ် ခမ်းနားသော အုတ်မြစ် နေရာများ တူးဖော်တွေ့ရှိရသည်။ တရုတ် ဘုရားဖူး ခရီးသည် ရွန်ဆန်၏ မှတ်တမ်းအရ ဤတက္ကသိုလ်၏ ဒါယကာမှာ ဟဿမင်းကြီးနှင့် အခြား မင်းများဖြစ်သည်ဟု ဆိုသည်။ နာလန္ဒာမှာ ထူးချွန်သော ဗုဒ္ဓစာပေပညာရှင်များ ပေါ်ထွက်ရာ မဟာတက္ကသိုလ် ဝိဟာရ အဖြစ် ကျော်ကြားသည်။ မဟာယန ဗုဒ္ဓ အတွေးအခေါ် ပေါက်ဖွားလျက် ထင်ရှားသော ဗုဒ္ဓဝါဒီ တွေးခေါ်ရှင် “နာဂဇ္ဇုန” ပေါ်ထွန်းရာ နေရာဖြစ်သည်။ အပျက်အစီးများ ကြားမှ ကျောင်းတော်ရာ အဆောက်အဦးနေရာ စေတီတော်၊ အခန်းများ ဖွဲ့စည်းထားပုံစသည့် အခြေအုတ်မြစ်တို့ကို အဆင့်ဆင့်တူးဖော် ထားရှိသည့်အတွက် သုတေသီများ အတွက် အရေးပါသော မြတ်ဗုဒ္ဓဌာနကြီး တခုဖြစ်နေပေသည်။ နာလန္ဒာသည် ၁၂ ရာစုတွင် လူမသမာ မိစ္ဆာဒိဋ္ဌိတို့ ဝင်ရောက် ဖျက်ဆီးမှု ကြောင့် ပျက်စီးခဲ့ရလေသည်။
၎။ရာဇဂြိုဟ်။  ။မြတ်ဗုဒ္ဓဘုရားရှင် လက်ထက် တော်တွင် အလွန်ကြီးကျယ်သော မဂဓတိုင်း၏ မြို့တော်၊ ဘုရားရှင်၏ ဝေဠုဝန်ကျောင်းတော် ဒါယကာ ဗိမ္ဗိသာရ၏ နန်းစိုက်ရာ ရာဇဂြိုဟ်သည် ယခုအခါ ဘီဟာနယ် (အိန္ဒိယ) ပတ္တနာခရိုင်မှ ရဂ်ျဂီးရ် RAJGIR အမည်ရှိသော မြို့ရွာငယ်ကလေး အဖြစ်သာတွေ့ရတော့သည်။ မြတ်ဗုဒ္ဓဘုရားရှင် နှင့် ပတ်သက်ရာ သာသနိကဌာနများတွင် ဤရာဇဂြိုဟ်မှာ အမှတ်အသား အများဆုံး ခံရသော နေရာများ ဖြစ်သည်၊ ဘုရားရှင် အမျာဆုံး ဝင်ထွက်သွားလာ သီတင်းသုံးရာနေရာ တခုလည်း ဖြစ်သည်။ ထိုပြင် ဒေဝဒတ်၏ ဘုရားအပေါ် ကြံစည်မှုများ ပြုလုပ်ရာ အရပ်လည်း ဖြစ်သည်။ တောင်များ ဝန်းရံ လျက်ရှိသော ရာဇဂြိုဟ်သည် အေးချမ်းလှသည်။ အနီးရှိ ဂိဇ္ဈကုဋ်တောင်သည် မြတ်ဗုဒ္ဓ နှစ်သက်ချမ်းမြေ့ ကြည် လင်စွာ စံပယ်သီတင်းသုံးရာ အရပ်ဖြစ် သကဲ့သို့ အနီးအနားရှိ ဝေဘာရတောင်၊ သတ္တပန္နိ လှိုင်ဂူတော်ကြီးသည် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာ တင်ရာနေရာ ဖြစ်သည်။ ဤရာဇဂြိုဟ်ကိုပင် အမည် နာမအမျိုးမျိုး ဖြင့် ခေါ်ကြသည်။ ဂိရိဗ္ဗရာဇဂြိုမြို့၊ ရာဇဂရမြို့၊ ဝသုဝတီမြို့၊ ဗာရဟဒြသပူရမြို့၊ ကုသဂရမြို့ စသည်ဖြင့် အမျိုးမျိုး ခေါ်ကြသည်။ ဂိဇ္ဈကုဋ်တောင်သည် ဗုဒ္ဓဝင် သာသနိကတောင် ဖြစ်သည်။ ယခုအခါ ရဂျီးဂါးရ်ရွာငယ်အနီး၌ ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ဗုဒ္ဓဘုရားရှင်နှင့် ဆိုင်ရာနေရာ ဒေသတို့တွင် ဂိဇ္ဈကုဋ် တောင်သည် အထင်ရှားဆုံးဖြစ်သည်။ ဘုရားရှင် လက်ထက် တော်ကပင် ရှိသည်ဟု ယူဆရသော TAPODA NADI ရေပူစမ်းသည် ရာဇဂြိုဟ်၏ မြောက်ဘက် တောင်ကုန်း ချိုင့်ဝှမ်းတွင် ယနေ့တိုင် တွေ့မြင်ရသည်။ ဘုရားရှင် ဝါကပ်တော်မူရာ သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော် နေရာဟု ယူဆရသော နေရာတွင် ယနေ့တိုင် ဝါးတောကြီး အဖြစ် တွေ့မြင်ရသည်။ သားတော် အဇတသတ်က အကျဉ်းချရာ ဗိမ္ဗိသာရ အကျဉ်း ထောင် နေရာဟုလည်း ယူဆရသော ၆ ပေ နံရံတခုကို တူးဖော် တွေ့ရှိ ထားလေသည်။
၅။ဝေသာလီ။   ။မြတ်စွာဘုရားရှင် အကြိမ်ပေါင်း များစွာ ကြွရောက် သီတင်းသုံးရာ လိစ္ဆဝီမင်းတို့၏ မြို့တော် ဝေသာလီ နေရာသည် ယခုအခါ ဘီဟာနယ် မူဇဖာပူရ်ခရိုင် ဘာဆာရ်မြို့ဟု အသိအမှတ် ပြုနိုင်သည်။ ဗုဒ္ဓဘုရားရှင်သည် ကျော်ကြားသော နန်းတွင် ကချေသည် အမ္ဗပါလီ လှူဒါန်းသော သရက်ဥယျာဉ်တွင် နေထိုင် သီတင်းသုံးဖူးသည်။ ပရိနိဗ္ဗာန်စံယူမည်ဟုလည်း သုံးလကြိုတင် မိန့်ကြားခဲ့ရာနေရာလည်း ဝေသာလီပင် ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ မိမိတို့ရရှိသော ဓာတ်တော်မွေတော်အစုကို လိစ္ဆဝီမင်းတို့က ဘုရားပုထိုးများတည်ထား ပူဇော်ကြသဖြင့် ယနေ့တိုင် အမြောက်အမြား တွေ့ရသည်။
၆။သာဝတ္ထိ။   ။ဗုဒ္ဓဘုရားရှင် ၂၄ ဝါတိုင်တိုင် ဝါဆိုဝါကပ်တော်မူသည့် ကောသလတိုင်း ပသေနဒီ ကောသလ မင်းကြီး၏ သာဝတ္ထိပြည်သည် ယခုအခါ ဥတ္တရာပရာဒေ့ရ်ပြည်နယ် ဂုန္ဒ GONDA ခရိုင် ဘာလာရမ်ပူမြို့မှ (၇) မိုင်အကွာတွင်ရှိသော ဆဟေတ်-မဟေတ် SAHET MAHET အရပ် ဖြစ်မည်ဟု ယူဆကြသည်။ ဗုဒ္ဓဝင် စာပေတွင် ထင်ရှားသည့် သာဝတ္ထိမြို့သည်။ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် ၂၄ ဝါ ဝါဆိုတော်မူသည့် အတွက်သာမက တန်ခိုးပြာဋိဟာ ပြ၍ အောင်မြင်ရာအရပ် ဖြစ်သောကြောင့်လည်း ပါသည်။ ယနေ့တွေ့ရသော သာဝတ္ထိအရပ်ဟု ယူဆသည့် ဆဟေတ်-မဟေတ်၌ ထူးခြားသော ရှေးဟောင်း အဆောက်အဦးများကို ရှာဖွေတူးဖော် တွေ့ကြသည်။ မဟေတ် အရပ်သည် ဧက ၄၀၀ လောက်ဖုံးလွမ်း ကျယ်ပြန့်ပြီး မူရင်း သာဝတ္ထိမြို့ ကွက်ရာများကို တူးဖော်တွေ့ကြရသည်။ ဆဟေတ် သည် ဧကပေါင်း ၃၂ ဧကရှိ၍ မူလ ဇေတဝန် ကျောင်းတော်ရာကို တူးဖော်တွေ့ရှိရသည် ဇေတဝန်ကျောင်းတော် နေရာကို ကြည့်ခြင်းအားဖြင့် အေဒီ ၁၂ ရာစု အထိ တည်တံ့ရှည်ကြာခဲ့ဟန်တူသည့် အထောက်အထားများကို တွေ့ရသည်။ သာဝတ္ထိမြို့တော်နေရာ၌ ယနေ့ အထင်အရှား တွေ့ရသည့်များမှာ ဇေတဝန်ကျောင်းတော်ရာ ပစ္စယံနှင့် တကွ အဆောက်အဦး အုတ်မြစ်များ နှင့် မြို့တော်ရာ၊ နန်းမြို့ရိုးမုခ်ဦးများဖြစ်သည်။ ဇေတဝန် ကျောင်းတော်ရာ အရှေ့တွင် အာနန္ဒာ ဗောဓိညောင်ပင် ကြီးကိုလည်း တွေ့ရသည်။
၇။သင်္ကဿနဂိုရ်။   ။ဗုဒ္ဓဘုရားရှင်သည် သတ္တမဝါ ကို  တာဝတိံသာပြည်၌ သီတင်းသုံးတော်မူ၍ မယ်တော် မိနတ်သား နှင့် တကွအခြားသော ပုဂ္ဂိုများကို အဘိဓမ္မာတရားတော်များ ဟောကြား ပြီးနောက် ဝါကျွတ် သောအခါ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက် တော်မူသည်ဟု ဗုဒ္ဓဝင်စာပေများ၌ တွေ့ရသဖြင့် သင်္ကဿ နဂိုရ်ပြည်သည် အရေးကြီး သော ဌာနတခုဖြစ်သည်ဟု မှတ်ယူရသည်။ ယခုအခါ ဥတ္တရာပရာဒေ့ရ်ပြည်နယ် အိတာ ခရိုင်အတွင်းရှိ သနိသ-ဘာသန္တတပူရ် အရပ်ဒေသဖြစ်သည်ဟု ယူဆကြသည်။ သံကိသ ဒေသဟု ခေါ်သည်။ အသောကမင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာတိုင် တတိုင်၏ ထိပ်ကို တွေ့ရှိရသည်။ မြေမြို့ရိုးတခုကိုလည်း တူးဖော်တွေ့ ရှိရသည်။ သင်္ကဿဒေသသည် ဗုဒ္ဓဘာသာဝင်များ အတွက် အရေးကြီးသော သာသနိကဌာနသာ မဟုတ် ဟိန္ဒူ လူမျိုးများ အတွက်လည်း ရာမာယနကျမ်းတော်လာဌာန တခုအဖြစ် အလေး အမြတ်ပြုကြသည်။ ရှေးဟောင်းသုတေသန လုပ်ငန်းများဖြင့် အထောက်အထား ပေါင်းများစွာကို ယနေ့တိုင် တွေ့ရှိနိုင်သည်။ ဤဖော်ပြပါ နေရာဒေသများသည် ဗုဒ္ဓဝင် စာပေလာ ဘုရားရှင် တော် သက်တော် ထင်ရှားသွားလာ နေထိုင် သီတင်းသုံးတော်မူရာ အရပ်ဌာနများ ဖြစ်ပေသည်။ ယနေ့တိုင် အထောက်အထားများစွာ ရှာဖွေတူးဖော်လျှင် တွေ့နိုင်သေးသည်။ တွေ့ရှိသမျှကို ရုပ်လုံးဖော်၍ သာသနိက အရပ် ဒေသများအဖြစ် လူများသွားရောက် ကြည်ညိုကြ ရသည်။ ဗုဒ္ဓဝင်စာပေလာ ဌာနများဖြစ်သည်။ ဗုဒ္ဓဝင် ဘာသာဝင် ဘုရားဖူးများ သာမက သုတေသီများပါ သွားရောက်ကြရသည့် အရပ်ဌာန ကြီးများဖြစ်လေသည်။
၃။ဗုဒ္ဓသာသနာနှင့်သက်ဆိုင်ရာဌာနများ
   အထက်ဖော်ပြပါ မြတ်ဗုဒ္ဓနှင့်သက်ဆိုင်ရာနေရာ များအပြင် ဗုဒ္ဓဝင်စာပေ၌ မပါရှိသော်လည်း ရှေးဦး အကျဆုံး ဗုဒ္ဓဝင် ယဉ်ကျေးမှုများ ကြီးကျယ်ထွန်းကားရာ သမိုင်းဝင် နေရာများလည်းရှိသည်။ ဗုဒ္ဓဘာသာဝင် များအနေဖြင့် ဗုဒ္ဓဝင် ယဉ်ကျေးမှုများ ကြီးကျယ်ထင်ရှားခဲ့သော အရပ်ဒေသများကိုလည်း သိရှိထားသင့် ကြပေသည်။ ထိုနေရာဌာနများသည် မဇ္ဈိမဒေသတွင် အများဆုံးဖြစ်၍ ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက် ဗုဒ္ဓဘာသာအခြေခိုင်ရာ ဗုဒ္ဓဝင် ယဉ်ကျေးမှုကြီးကျယ်ထွန်းကားရာ နေရာကြီးများအဖြစ် ယနေ့တိုင် အသိအမှတ် ပြုလျက် လေ့လာကြရသော ဌာနကြီးများဖြစ်ပေသည်။
၁။ဆန်ချီ
   ဗုဒ္ဓစာပေတွင် ဤအရပ်ဒေသ၏ အမည်နာမကို မတွေ့ရှိရပါ။ သို့ရာတွင် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန် တော်မူပြီး နောက်ပိုင်း ဗုဒ္ဓဝင်ဆိုင်ရာ သာသနိက ပစ္စည်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆိုင်ရာ  များစွာတို့ကိုမူ ဤအရပ်၌ အများအပြား တွေ့ရှိရလေသည်။ ယနေ့ အိန္ဒိယပြည်တွင် အထင်အရှားနှင့်အကြီးမား အကျယ်ပြန့်ဆုံး ဗုဒ္ဓဘာသာဆိုင်ရာများ၊ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလှသည့် လက်ရာများစွာ တွေ့ရှိရလေသည်။ အခြားဒေသများကဲ့သို့ပင် ဗုဒ္ဓဝင်ဆိုင်ရာများကို ထိန်းသိမ်း မှတ်တမ်းပြုစုစောင့်ရှောက်တော် မူခဲ့သော အသောကမင်းတရားကြီး၏ ကြိုးပမ်း အားထုတ်မှုကြောင့် ဤဆန်ချီဒေသည် ယနေ့ အိန္ဒိပြည်သည် ဗုဒ္ဓဘာသာ သာသနိကများဖြင့် ပြည့်စုံ၍ ဗဟိုဌာနကြီး ဖြစ်နေလေပြီ။ ဆန်ချီသည်ဘိုပေါလ် BHOPAL ခရိုင်တွင်ရှိပြီး ဘုံဘေမြို့မှ မိုင်းပေါင်း ၅၄၉ မိုင်ဝေး၍ ကာလကတ္တားမှ မိုင်းပေါင်း ၈၉၇ မိုင်ဝေးလေသည်။ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုးများ၊ ကျောင်းတော်ရာများ စသည် သာသနိက ရှေးဟောင်းပစ္စည်း အဆောက်အဦးများ အများဆုံး တည်ရှိရာအရပ်ဖြစ်သည်။ တောင်ကုန်းပေါ်၌ အများဆုံးတွေ့ရသည်။ တွေ့ရသော စေတီ၊ ပုထိုး များမှာ ရှေးဟောင်း အိန္ဒိယ အနုပညာ ဗိသုကာ လက်ရာများဖြစ်ပြီး ရှေးအကျဆုံး ဘီစီ ၃ ရာစု လောက်မှ အေဒီ ၁၂ ရာစုထိတွေ့ရပြီး ပုံသဏ္ဌာန် အရွယ်အစား အမျိုးမျိုး တွေ့ရသည်။ အောက်ခြေ ဖိနပ်တော် ပေ ၁၀၀၀ လောက်ကျယ်သော ကြီးမားကျယ်ပြန့် မို့မောက်သော ပေါင်းအခုံး နှင့် အမြင့်ဉာဏ်တော်ပေ ၅၀ လောက်မြင့်သော ပုထိုးစေတီ များမှ အမြင့် ၁ ပေ ထက်မပိုသော စေတီငယ်များအထိ အစီအစဉ် တွေ့ရသည်။ ဆန်ချီအရပ်၏ ထူးခြားချက်တရပ်မှာ အသောက မင်းတရားကြီး၏ သားတော် ရှင်မဟိန္ဒ မထေရ်မြတ်သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)သို့ သာသနာပြု ကြွတော်မူရာ လမ်းခရီးဝယ် ရပ်တန့်တော်မူသော နေရာ၌ ကျောင်းတော်ရာတခု ယနေ့တိုင် တွေ့ရှိနေရသဖြင့် ထိုဆန်ချီနေရာသည် အသောက မင်းတရာကြီး လက်ထက်၌ပင် ကြီးကျယ်စည်ကား နေပြီဟု ယူဆရသည်။ ဆန်ချီအရပ်တွင် အကြီးမားဆုံး ပုထိုးတော်ကြီးမှာ “မဟာပုထိုးတော် ကြီး” ဖြစ်ပြီး ထုထည်ကြီးမား ကျယ်ပြန့်လှသည်။ ယင်း မဟာပုထိုးတော်ကြီး၏ အရှေ့မြောက်ဘက်၌ ပုံစံတူ ပုထိုးတော်ငယ်တခု တွေ့ရသည်။ မဟာပုထိုးတော်ကြီး၏ အရှေ့မြောက်ဘက် ပေ ၂၀၀ ခန့်အကွာတွင် မြတ်ဗုဒ္ဓ၏ မဟာသာဝက နှစ်ပါးဖြစ်သော အရှင်သာရိပုတ္တရာ မထေရ်နှင့် အရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို စေတီငယ်တခု၌ ဌာပနာထားသည်ကို တူးဖော်ရရှိသည်။ ထို့ပြင် တောင်ခြေ၏ အနောက်ဘက်တွင် ပုထိုးတော်ငယ်တဆူ၏ ဌာပနာခန်းတွင် အရှင်မဟာကဿပ နှင့် အရှင်မဟာမောဂ္ဂလိပုတ္တမထေရ်တို့၏ ဓာတ်တော် များကိုလည်းတူးဖော်တွေ့ရှိခဲ့ရသည် (ဘီစီ) ကာလ၌ အလွန် ထင်ရှားသော ရဟန္တာမြတ် ဖြစ်ပေသည်။ မဟာပုထိုးတော်ကြီး၏ မုခ်လေးဝတွင် ဗုဒ္ဓဝင်ရုပ်လုံး ထုလက်ရာများသည် အလွန် အနုပညာလက်ရာ မြောက်လှသည်။ ထို့ပြင် သမိုင်းတန်ဖိုးရှိလှသော ကျောက်တိုင်ကြီး (၄) တိုင်ကိုလည်း တွေ့ရသည်။ မဟာပုထိုးတော်ကြီး၏ တောင်ဘက် မုခ်ဝတွင် အသောက ကျောက်စာတိုင် တွေ့ရသည်။
၂။တက္ကသီလာ TAXILA
    ဆန်ချီဒေသကဲ့သို့ပင် တက္ကသီလာသည် ဗုဒ္ဓဝင် စာပေတို့၌ ထင်ရှားစွာမတွေ့ရပေ။ သို့ရာတွင် မင်းညီမင်းသားတို့၏ အဌာရသ ၁၈ ရပ်သင်ကြားရာ အရပ်အဖြစ် တက္ကသီလာသည် ထင်ရှားသော ကျောင်းတော်ကြီးအဖြစ်ကား တွေ့ရသည်။ ဤတက္ကသီလာ၌ ပညာသင်ကြား တတ်မြောက်မှုကို ခမ်းနားမှုတခု အဖြစ်ကား ဖော်ပြတတ်ကြသည်။ ပသေနဒီကောသလမင်းကြီးနှင့် ဗိမ္ဗိသာရမင်းကြီး၏ သမားတော် ဇီဝကတို့သည် တက္ကသီလာ ကျောင်းတော်ထွက်များ ဖြစ်သည်။ စာပေနှင့် ယဉ်ကျေးမှုအရာတွင် မြတ်ဗုဒ္ဓနှင့် ခေတ်ပြိုင် ထင်ရှားသော ကျောင်းတော် ဖြစ်သည်။  ကမ္ဘာကျော် သဒ္ဒါပါရဂူ-ပါဏီနီသည်လည်း ဤ တက္ကသိုလ်မှ ပင်ဖြစ်သည်။ ယနေ့ကာလတွင် သမိုင်းဝင်စေတီပုထိုး နှင့် ကျောင်းတော်ရာ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများ တွေ့နေရသေးသည်။ ဂန္ဓာရယဉ်ကျေးမှု သို့မဟုတ် ဂန္ဓာရဗုဒ္ဓဝင် ဗိသုကာလက်ရာ အဖြစ်ထင်ရှားသော “ဓမ္မရာဇိက” စေတီတော်ကြီးကို ယနေ့တိုင် ဖူးတွေ့နိင်သည်။ တက္ကသီလာသည် ယခုအခါ ပါကစ္စတန် နိုင်ငံတွင်း၌ရှိနေပြီး အိန္ဒိယ အနောက်မြောက်ပိုင်း နယ်နိမိတ် အစပ်၌ ရှိပြီး ရာလ်ဝါပင်ဒီ  “RAWALPONDI”  မြို့မှ မိုင် ၂၀ ဝေးသည်။
၃။အဂျန္တာနှင့်အေလိုရာ (AJANTA AND ELLORA)
  ဗုဒ္ဓဝင်ယဉ်ကျေးမှုလက်ရာ အမြောက်ဆုံးနှင့် ရှေးအကျဆုံး ပန်းချီပန်းပုများကို ပြပါဆိုလျှင် အဂျန္တာ နှင့် အလိုရာရှိ ဗုဒ္ဓဝင် ယဉ်ကျေးမှု အံ့ဩဖွယ်ရာများကို ပြရပေမည်။ ဝါဂိုရာမြစ်ကို မိုးလျက်ရှိသော သဘာဝအလျောက် တောင်ကြီး တွင်းမှ အဂျန္တာဂူများကို ၁၈၁၉ ခုနှစ်တွင်းမှ မုဆိုးများရှာဖွေတွေ့ရှိခဲ့လေသည်။ ယခုအခါ အဂျန္တာဂူများကို ဟိုက်ဒြာဘတ်ပြည်နယ်တွင်တွေ့ရှိ ရပြီး ဘုံဘေမြို့မှ ၂၆၁ မိုင်အကွာ တောအရပ်၌ ရှိလေသည်။ ကျဉ်းမြောင်းသောတောင် ၂ လုံးကြား တွင် ဂူပေါင်း ၂၉ လုံးကို တွေ့ရှိရပြီး ၅ လုံးမှာ စေတီပုံ သဏ္ဌာန်ဖြစ်ပြီး ကျန်ဂူများသည် ဝိဟာရများ၊ ကျောင်းတော်များ ဖြစ်လေသည်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၀၀ ခန့်တွင် အဂျန္တာဂူကြီး အတွင်း၌ ရဟန်းတော်များ တရားဆောက်တည်ယင်း သီတင်းသုံးနေထိုင်ရာမှ ဝိဟာရကျောင်းတော်ကြီးများဖြစ်လာပြီး ကြည်ညို ဖွယ်ရာ မြတ်ဗုဒ္ဓရုပ်ပွားတော်များကို အံ့ဩဖွယ်ရာ အတတ်ပညာများဖြင့် ရေးဆွဲထွင်းထုကိုးကွယ်လာ ကြသညမှာ နှစ်ပေါင်း ၁၅၀၀ ကျော်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့တိုင်သေသပ်ကောင်းမွန်စွာ တွေ့ရဆဲ ဖြစ်လေသည်။ အဂျန္တာတွင် တွေ့ရသော ပန်းချီ ဆေးရေး ပညာသည် ကမ္ဘာတွင်ကျော်စော ထင်ရှားလေသည်။ အထူးသဖြင့် ဗုဒ္ဓဝင် ယဉ်ကျေးမှု ပျံ့နှံ့ရာအရပ်တိုင်း၌ တွေ့ရသော ပန်းချီရေးဆေး အတတ်နှင့် ပန်းပုအတတ်တို့မှာ ဤအဂျန္တာအရပ်၌ တွေ့ရသောလက်ရာများ ထုံးစံနည်းစနစ်များကို နမူနာယူခဲ့ ကြရလေသည်။ ကမ္ဘာ့ရှေးဟောင်း အဆောက်အဦးများ၊ အနုပညာများ၊ ပန်းပု ဗိသုကာများအကြားတွင် အဂျန္တာဂူများသည် ကျော်ကြား ထင်ရှားလေသည်။ အေလိုရာဂူများသည် အဂျန္တာဂူများ၏ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာတွင်တွေ့ရသည်။ အေလိုရာဂူများ တွင်တွေ့ရသော အနုပညာ၊ ဗိသုကာလက်ရာ များတွင် ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဗြဟ္မာဏဘာသာသုံးမျိုး ရောလျက်တွေ့ရသည်။ အေလိုရာဂူများတွင် ၄၄ ဂူရှိသည်အနက် ၁၂ ခုသာ လျှင် ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာ၊ ပန်းပု ဗိသုကာ လက်ရာများ သက်သက်ကို ဖော်ပြထားသော ဂူများဖြစ်သည်။ အေလိုရာဂူများ၏ မြောက်ဘက် စွန်းတွင် ဂူနံပါတ် ၁၀ ရှိရာ ယင်းဂူသည် အေလိုရာ ၌ရှိသော တခုတည်းသော “စေတီ” ဖြစ်သည်။ VISVAKARMA ဂန္ဓကုဋိတိုက်ဟု ဆိုနိုင်သောပင်မ အဆောက်အဦးသည် ၈၅ ပေ ၁၀ လက်မအရှည် ရှိပြီး အမိုးထိအမြင့်မှာ ၃၄ ပေရှိသည်။ဤ အဆောက်အဦးများတွင်တခုအပါအဝင်ဖြစ်သည်။
၎။ကာလီဂူများ (KARLI CAVES)
   ကာလီဂူများသည်လည်း အထက်ပါနေရာဌာန များကဲ့သို့ အရေးကြီး၍ စိတ်ဝင်စားဖွယ်ကောင်းသော သာသနိက ဌာနများဖြစ်သည်။ ပုနေလ်နှင့် ဘုံဘေမြို့အကြား ဘောဂတ်တောင်ကုန်းများတွင် ရှိပြီး ဘုံဘေမြို့မှ ၇၈ မိုင်ကွာဝေးသည်။ အိန္ဒိယ၌တွေ့ရသော ပုထိုးများတွင် အထူးခြားဆုံး “ပုထိုးတော်ကြီး” တခုကို ဤဂူများ၌တွေ့ရသည်။ အလွန်ကြီးမားသော ထူပါရုံ ပုထိုးတော်ကြီးမှာ ပန်းပုအနုပညာနှင့်ဗိသုကာလက်ရာ မြောက်စွာဖြင့် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အချိုးအစား ပုံပန်းသဏ္ဌာန် ကျနလှသဖြင့် ယနေ့ခေတ်ပညာရှင် များပင် လေးစားရသည်။ ပင်မ ခန်းမဆောင် ဂန္ဓကုဋိသည် ၁၂၄ ပေရှည်ပြီး ၄၅ ပေကျယ်သည်။ အနီးအပါး တွင်လည်း ကျောင်းတော်ရာ အများအပြား တွေ့ရလေသည်။ ဤသည်တို့မှာ ဗုဒ္ဓဝင်ယဉ်ကျေးမှု အနုပညာ ရှေးဟောင်းလက်ရာ များ အများအပြား တွေ့ရသော နေရာဌာနများ ဖြစသည်။

ဆက်ရန်ရှိသေးသည်။

Wednesday, May 2, 2012

ုမြတ်ဗုဒ္ဓခေတ် အဓိကရ နေရာဒေသ နှင့် ကျောင်းတိုက်များ


 မြတ်စွာဘုရား သက်တော်ထင်ရှား သာသနာ တော်အတွက် ဆောင်ရွက်တော်မူစဉ်၊ ဖွားမြင်တော်မူ သည်မှ ပရိနိဗ္ဗာန် စံယူတော်မူသည်အထိ သီတင်းသုံးတော်မူရာ ဒေသစာရီ ကြွချီတော်မူရာ နေရာဒေသနှင့် ကျောင်းတိုက်များတွင် အဓိကရ ကျော်ကြားခဲ့သည်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
        ၁။ကကုဓာမြစ်
ပါဝါပြည်နှင့်ကုသိနာရုံ အကြား၌ ရှိသောမြစ် ဖြစ်သည်။ ညဥ့်၏နောက်ဆုံးယာမ်၌ ကုသိနာရုံ ပြည်ဝင်ခါ နီ လမ်းကွေ့ရှိ မလ္လာမင်းတို့၏ အင်ကြင်း တော၌ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မမူမီ ရဟန်း အပေါင်း ခြံရံ လျက် ရေသောက်တော်မူပြီး သပ္ပာယ်တော်မူရာမြစ် ဖြစ်သည်။
      ၂။ ကပိလဝတ်
          သိဒ္ဓတ္ထမင်းသား၏ ဖခမည်းတော်သုဒ္ဓေါဒန မင်းကြီး၏ပြည်နိုင်ငံဖြစ်သည်။ နောင်တွင် နိဂြောဓရုံ ကျောင်းတိုက် ဆောက်လုပ်လှူဒါန်း သဖြင့် ဗုဒ္ဓဘုရားရှင်သည်(ပန္နရသမဝါ) ၁၅ ကြိမ် မြောက် ဝါဆို ၀ါကပ် တော်မူပါသည်။
       ၃။ ကုသိနာရုံပြည်
          ဟိရညဝတီမြစ်၏ တဘက်ကမ်း၌ ရှိသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာဒေသအဖြစ် ထင်ရှားသည်။ ကုသိနာရုံပြည်အဝင် လမ်းအကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်။ ဤအရပ်တွင် ပရိနိဗ္ဗာန်စံ ခြင်းမှာ-
        ၁။ မဟာသုဒဿနသုတ္တန်ကြီးကိုဟောတော် မူရန်၊
        ၂။ သုဘဒ္ဒပရဗိုဇ်အား ရဟန္တာဖြစ်စေရန်၊
        ၃။  ဒေါဏ ပုဏ္ဏားကြီး ဓာတ်တော်များကို ငြိမ်းချမ်းစွာဝေငှနိုင်ရန် စသည်ဖြင့် ကြိုတင် သိမြင်တော်မူ  သောကြောင့် ဤအရပ်သို့ကြွ၍ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
    ၄။ ကောသမ္ဗီပြည်
       ဥဒေနမင်းကြီး အုပ်ချုပ်သည်။ ဃောသက၊ ကက္ကုဋ၊ ပါဝါရိကဟူ၍ အလွန်ကြွယ်ဝချမ်းသာသည့် သူဌေး ကြီး သုံးဦးရှိသည်။ ယင်းသူဌေးကြီး သုံးဦး ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတိုက် ကြီး သုံးတိုက်အနက် ဃောသိတာရုံ ကျောင်းတိုက်၌ ဘုရားရှင်သည် နဝမဝါကို ဝါဆိုဝါကပ်တော်မူသည်။ ဝိနည်းဓိုရ်မထေရ်နှင့် သုတ္တန်ဆောင် မထေရ်တို့မှ စသောသံဃာ အဓိကရုဏ်းကြီးကြောင့် ဘုရားရှင် ဖယ်ခွာ သွားတော်မူသည်။
     ၅။ ဂိဇ္ဈကုဋ်တောင်
        အာဋာနာဋိယသုတ် ဟောကြားတော်မူရာ ရာဇဂြိုဟ်ပြည်အနီးမှ တောင်ဖြစ်သည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မမူမီ ၄၄ ဝါမြောက် သာဝတ္ထိပြည် ၌ ဝါကျွတ်ပြီးနောက်ဆုံး စံနေတော်မူရာ နေရာဖြစ် သည်။ ဝဿကာရ   ပုဏ္ဏားအား အပရိဟာနိယတရား ဟောကြားတော်မူသည်။
     ၆။ ဇေတဝန်
       သုဒတ္တ(အနာထပိဏ်) သူဌေးကြီး လှူဒါန်းသော ကျောင်းတိုက်ကြီး ဖြစ်သည်။ သာဝတ္ထိပြည် ရှိသည်။ ဇေတမင်းသား၏ (၁၆) ပယ်ကျယ်သော ဥယျာဉ်ကို အသပြာ တစပ်တည်းခင်း၍ (၁၂ ကုဋေ) ဖြင့်ဝယ်ယူပြီးလက်သမား တထောင်တို့ဖြင့် ဆောက်လုပ်ရာ ကိုးလကြာမှပြီးစီး၍ စုစုပေါင်း (၅၄ ကုဋေ) ကုန်ကျ သည်။  ဇေတဝန်ကျောင်းတော်၏ ကြီးကျယ် ပုံမှာ--
    -ဇေတမင်းသား ထည့်ဝင် လှူဒါန်းသော ဘုံ(၇) ဆင့်ရှိ ကျောင်းတိုက် မုခ်ဦးပြာသာဒ်ကြီး၊
    -ဂန္ဓကုဋိကျောင်းတော်နှင့် အရန်ကျောင်း ကြီးများ၊
    -ဓမ္မသာလာနှင့်တန်ဆောင်းဝန်ကြီးများ၊
    -မီးတင်းကုပ်များ၊ ကပ္ပိယကုဋိကျောင်း၊ ဝစ္စကုဋိကျောင်းများ၊
    -အမိုးနှင့်တကွသော မြေစင်္ကြံများ၊
    -အမိုးနှင့်တကွသော ရေတွင်းများ၊ ရေချိုးခန်များ၊
    -လေးထောင့်ရေကန်များ၊ မဏ္ဍပ်များ၊
    -ညဥ့်သန့်ရာအဆောက်အဦးများ၊ စသဖြင့် ပြည့်စုံစွာရှိသည်။
   ၇။ ဒေဝဒဟပြည်
 သာကီဝင်မင်းတို့၏ မင်္ဂလာ ကန်တော်ရှိရာ အရပ်ဟု ဆိုသည်၊ သိဒ္ဓတ္ထ၏ မယ်တော် မာယာဒေဝီ၏ ပြည်ဖြစ်သည်။ ယသောဓရာ ဒေဝီနှင့်မောင်တော် ဒေဝဒတ်တို့၏ ဇာတိဖြစ်သည်။ ကပိလဝတ်မှ ၅ ယူဇနာ ဝေးကွာသည်။
   ၈။ နေရဉ္ဇရာမြစ်
      မြစ်ပြင်အောက်၌ ကာဠနဂါး၏ဗိမာန်ရှိသည်။ သုဇာတာ ကပ်လှူသည့် ရွှေခွက်နှင့် ဃနာနို့ဆွမ်း ကို ဘုရားအလောင်းတော် ခံယူတော်မူပြီး ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် မျှောသောမြစ်ဖြစ်သည်။
   ၉။ ပါဝါပြည်
       မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာ ကုသိနာရုံပြည် နှင့် သုံးဂါဝုတ်မျှဝေးကွာသည်။ မလ္လာမင်းတို့၏ နေပြည်တော်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ နောက်ဆုံး ဆွမ်းဖြစ်သော သုကရမဒ္ဒဝဆွမ်းကို ကပ်လှူသည့် စုန္ဒလုလင်သည် ပါဝါပြည်မှဖြစ်သည်။
   ၁၀။ ပုဗ္ဗာရုံကျောင်း
       သာဝတ္ထိပြည်မြို့ အရှေ့တံခါးအနီး၌ မြေနေရာကို ကိုးကုဋေဖြင့်ဝယ်၍ ရှစ်ပေသော မြေနေရာ အပြည့်၌ ကျောင်းပေါင်း များစွာနှင့်တကွ ကြီးကျယ်လှသည့်ပြာသာဒ်ကျောင်းတော်ကြီးကို (၉) လ နှင့် အပြီး ဆောက် သည်။ ဝိသာခါကျောင်းအမ ကြီး၏ ကုသိုလ်တော်ဖြစ်သည်။
    ၁၁။ ရာဇဂြိုဟ် (မဂဓတိုင်း)
        အနောမာမြစ်ကမ်း၊ အနုပီယ သရက်တောမှ ယူဇနာ (၃၀) ဝေးကွာသည်။ မဂဓတိုင်းပြည့်ရှင် ဗိမ္ဗိသာရမင်းကြီး စိုးစံသည်။ နောင် အဇတသတ် မင်းပြုသည်။ မြတ်စွာဘုရားသည် ၄၅ ဝါလုံး အများဆုံးဝင်ထွက်ကြွရောက်နေထိုင် သီတင်းသုံး ရာပြည်ဖြစ်သည်။ ဘုရားရှင် ဝါ (၅) ဝါ သီတင်းသုံး ဝါဆို တော်မူသည်။
    ၁၂။ ရောဟဏီမြစ်
        ကပိလဝတ်သာကီဝင်မင်းသားများနှင့် ကောလိယသာကီဝင်များအကြား နယုန်လ၌ မြစ်ရေ နည်းပါးမှု ကြောင့် ရေလုစစ်ပွဲကြီးဖြစ်ပွားရာ မြတ်စွာဘုရား ကြွရောက်ပြီး “အတ္တဒဏ္ဍ” သုတ်ကို ဟောကြားတော်မူ၍ ပြေငြိမ်း လေသည်။
    ၁၃။ ဝေသာလီပြည် (ဝဇ္ဇီတိုင်း)
         လိစ္ဆဝီမင်း ခုနစ်ထောင်သည် အလှည့်ကျ အုပ်ချုပ်သည်၊ ကပ်ကြီးသုံးပါးဆိုက်၍ မြတ်စွာဘုရား ကြွရောက်ပြီး “ရတနသုတ်ပရိတော်ကြီး” ကို ဟောပြရွက်ဖတ်ပေးတော်မူမှ ကပ်ကြီးသုံးပါး ကျော်လွှားကင်းပျောက်သည်။ ကပိလဝတ်ပြည်မှ ၅၁ ယူဇနာဝေးသည်။ နောင်တွင် အဇာတသတ်မင်း စစ်ခင်း မှုကြောင့် ပျက်စီးရသည်။
     ၁၄။ ဝေဠုဝန်ကျောင်း
          မဂဓတိုင်း ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်း ကြီးက မြတ်ဗုဒ္ဓအား လှူဒါန်းသည့် ကျောင်းတိုက် ဖြစ်သည်။ အဦးဆုံးအလှူခံသည့် ကျောင်းတိုက် ကြီးဖြစ်သည်။ ဝေဠုဝန်ဥယျာဉ်တော်ကို မင်း၏ နန်းတော် အာရာမ်နှင့်တကွ လှူခြင်းဖြစ်သည်။ ဘုရားရှင်၏ (၄၅) ဝါအတွင်း ငါးဝါတိတိဝါဆိုဝါကပ် တော်မူရာ ကျောင်းတိုက်ကြီး ဖြစ်သည်။ ဝါပများတွင် ဘုရားရှင် မကြာခဏ ကြွရောက် သီတင်းသုံးရာ ကျောင်းတိုက် ကြီးဖြစ်သည်။
    ၁၅။ သာဝတ္ထိပြည် (ကောသလတိုင်း)
           အနာထပိဏ် သူဌေးကြီးကြောင့် ထင်ရှား သည်။ ရာဇဂြိုဟ်နှင့်၄၅ ယူဇနာဝေးသည်၊ မြတ်စွာဘုရား အား အနာထပိဏ်သူဌေးကြီးက ဇေတဝန် ကျောင်းတော်ကြီး လှူဒါန်းသဖြင့် ဘုရားရှင် ပစ္ဆိမဗောဓိတွင် ဝါ အတော်များများ ဝါဆိုဝါကပ်ပြုရာ ဒေသဖြစ်သည်။ ပုရာဏကဿပကြီးကို တန်ခိုး ပြာဋိဟာများဖြင့် ဗုဒ္ဓဘုရား ရှင် တရားပြခဲ့သည်။
     ၁၆။ သင်္ကဿနဂိုရ်ပြည်
         သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ်ပြည်တော် တံခါးထိ ယူဇနာ ၃၀ ဝေးကွာသည်။ မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိံသာ၌ ဝါဆိုကပ်တော် မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿနဂိုရ် ပြည်သို့ သက် ဆင်းတော်မူသည်။ သင်္ကဿနဂိုရ် ပြည် တောင်တံခါးဝ၌ အခြားဘုရားရှင်တကာ ကဲ့သို့ခြေတော်ရာ ချထား တော်မူသည်။ ဤခြေရာ တော်မှာ ဘုရားရှင်တို့ မစွန့်အပ်သော အဝိဇဟိတ ဌာန တခုဖြစ်သည်။
     ၁၇။ အနောမာမြစ်
         ရှစ်ဥသဘ ကျယ်သည်။ သိဒ္ဓတ္ထမင်းသား သည် နေပြည်တော် ကပိလဝတ်မှ သာကိယ၊ ကောလိယ၊ မလ္လဟူသော သုံးပြည်ထောင် ယူဇနာ သုံးဆယ်ခရီးကိုကျော်၍၊ ရောက်ပြီး ဤမြစ် တဘက် ကမ်းသို့ ကဏ္ဍက မြင်းနှင့် အတူ ခုန်ကျော်၍ တော ထွက်ကာ ရဟန်းပြုတော်မူသည်။
       ၁၈။ အပရာဇိတရနာပလ္လင်
           သက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ ညနေခင်းအချိန် ဘုရားအလောင်းတော်သည် မြက်ထမ်းသမားလှူသော မြက်ရှစ်ဆုပ်ကို အဖျား က ကိုင်၍ မဟာဗောဓိပင်၏ အရှေ့ဘက်မှ ကပ်၍ ကြဲဖြန့် လေလျှင် ၁၄ တောင် ပမာဏရှိသော ဤပလ္လင်ဖြစ်လာသည်။
      ၁၉။ ဣသိပတနမည်သော မိဂဒါဝုန်
          ဗာရာဏသီပြည် အနီး၌ ရှိ၍ ဥရုဝေလမှ ၁၈ ယူဇနာဝေးကွာသည်။ ဗုဒ္ဓဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦး ဟောရာ ဒေသ ဖြစ်သည်။
       ၂၀။ ဥရုဝေလ (ဂယာမြို့အနီး)
           သေနာနိဂုံးရွာအနီး၌ ရှိသည်။နေရဉ္ဇရာမြစ် အနီးဖြစ်သည်။ ပဉ္စဝဂ္ဂီငါးဦးနေထိုင်သည်၊ ဘုရားရှင် ဒုက္ကရစရိယာ (၆) နှစ်ကြာ ကျင့်ရာတောဖြစ်သည်။ ဘုရားအဖြစ်သို့ရောက်တော်မူရာဌာနဖြစ်ပြီး မဟာဗောဓိပင်ရှိသည်။ ဤဌာနသည် ဗုဒ္ဓဘုရားရှင် အဖြစ်သို့ရောက်ရာ ဌာနဒေသဖြစ်၍ လွန်စွာအရေး ကြီးပါသည်။ ဗုဒ္ဓဂယာဟု ထင်ရှားကျော်ကြားသည်။


ပယ်   ။     ။ မြေနေရာအကျယ်အဝန်းကို တိုင်းတာသော အကွာအဝေးရဲ့ အခေါ်အဝေါ်ဖြစ်သည်။ ၄ပြည် ၁ စိတ်၊ 
               ၁၁ စိတ် ၁အမ္ဗဏရှိသည်။ ဤတွင် ၄ အမ္ဗဏမျိုးစပါးကို    ကြဲနိုင်လောက်သည့် မြေနေရာအကျယ်အဝန်းကို “တပယ်” ဟုခေါ်သည် ။
ဂါဝုတ်  ။     ။ (ဂါဝုတ်)ဥသဘ(၈၀ ကို တဂါဝုတ်ဟု ခေါ်သည်။ ၇တောင်ကို ၁ တာ၊ ၂၀ တာကို ၁ ဥသဘ၊ ၈၀ ဥသဘကို  ၁ ဂါဝုတ်ဟု ခေါ်သည်။
ယူဇနာ ။      ။ ၄ဂါဝုတ်ကို တယူဇနာဟု ခေါ်သည်။ အင်္ဂလိပ်မိုင်နှုန်းဖြင့် တွက်လျှင် ၁ယူဇနာတွင် ၁၂မိုင် ၅ ဖာလုံ ၅၄၀ ပေရှိသည်။

Thursday, February 2, 2012

မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် (အပိုင်းငါး)


၅။ ဗုဒ္ဓဘုရားရှင်၏ ပစ္ဆိမမဗောဓိအချိန်ပိုင်း
            ပထမပိုင်း ဝါတော် နှစ်ဆယ်လွန်သောအခါ မြတ်စွာဘုရား၏ သက်တော်မှာလည်း ငါးဆယ့် ငါးနှစ်အရွယ်ဖြစ်လာသည်။ အသက်အရွယ်အိုမင်း လာသည်နှင့် ဒုတိယပိုင်းဝါတော်၂၁ ဝါမှသည် ၄၄ ဝါအထိ ပစ္ဆိမဗောဓိ (၂၄ နှစ်) တွင် ကောသလတိုင်း၊ သာဝတ္ထိပြည်ကိုအမှီပြု၍ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်း တိုက်ကြီး၌ လည်းကောင်း၊ ဝိသာခါ သူဌေးမကြီး ဆောက်လုပ်လှူဒါန်းအပ်သော ပုဗ္ဗာရုံကျောင်း တိုက်ကြီး၌ လည်းကောင်း၊ ၂၄ ဝါပတ်လုံးလုံး ဝါဆိုဝါကပ်တော်မူလေသည်။ 
            ဝါကျွတ်သောအခါမှ သာလျှင် ထိုထို မြို့ရွာများသို့ဒေသစာရီ ကြွချီတော်မူပြီး ဝါဆိုချိန်တွင် အထက်ပါ ကျောင်းတိုက်ကြီး နှစ်တိုက်ဆီသို့သာ ကြွရောက်ဝါဆိုဝါကပ်တော် မူပါသည်။ ထိုနောက် သက်တော်ရှစ်ဆယ်အရွယ်၊ ဝါတော်အားဖြင့် ၄၅ ဝါအရောက်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးပြီ ဖြစ်၍ ဝေသာလီပြည်၊ ဝေဠုဝရွာ ငယ်၌ နောက်ဆုံး ၄၅ ဝါမြောက် ဝါဆို ဝါကပ်တော် မူပါသည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့တွင် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ် (ကုသိနာရုံ) တွင် ပရိနိဗ္ဗာန် စံတော်မူပါသတည်း။


"ဗုဒ္ဓုပ္ပတ္တိသက္ကရာဇ်အကျဉ်း"

မဟာသက္ကရာဇ်
နေ့ရက်
အကြောင်းအရာ
၆၇
ဝါဆိုလပြည့်
ကြာသပတေး
ပဋိသန္ဓေယူသည်။
၆၈
ကဆုန်လပြည့်
သောကြာ
ဖွားမြင်တော်မူသည်။
၉၆
ကဆုန်လပြည့်

နိမိတ်ကြီးလေးပါးမြင်သည်။
၉၇
ဝါဆိုလပြည့်
တနင်္လာ
တောထွက်တော်မူ၏
၁၀၃
ကဆုန်လပြည့်
ဗုဒ္ဓဟူး
ဘုရားဖြစ်တော်မူသည်။
၁၀၃
ဝါဆိုလပြည့်
စနေ
ဓမ္မစကြာတရားဟော။
၁ဝ၃
ဝါဆိုလပြည့်ကျော်(၅)
ကြာသပတေး
အနတ္တလက္ခဏသုတ်။
၁၄၈
ကဆုန်လပြည့်
အင်္ဂါ
ပရိနိဗ္ဗာန်စံယူသည်။
၁၄၈
ကဆုန်လပြည့်ကျော်(၅)
တနင်္ဂနွေ
တေဇောဓာတ်လောင်။
၁၄၈
နယုန်လဆန်း(၁)
ကြာသပတေး
ဓာတ်တော်ဝေသည်။
၁၄၈
ဝါဆိုလပြည့်ကျော်(၁)

ပထမသင်္ဂါယနာတင်။



မှတ်ချက်။   ။ကဆုန်လပြည့်နေ့ကို ဖွား မြင် ပွင့် စံ ဟူ၍ လည်းကောင်း၊
               ဝါဆိုလပြည့်နေ့ကို သန္ဓေ တော ထွက် ဓမ္မစက် ဟူ၍လည်းကောင်း 
               အတိုမှတ်ကြလေသည်။  
 မှတ်ချက်။      ။ ဝါ က ဝါ ကဝါ က က ။ မ သိ ကြ လျှင်တွေး ဦး ဟူ၍လည်း
                  ဗုဒ္ဓနှင့်ပတ်သက် နေ့ထူးနေ့မြတ် ခုနှစ်ရက်ကို အတိုမှတ်ကြလေသည်။


ဆက်ရန်ရှိသေးသည်။

မဟာရံသီ ဘလောက်ကို လာလည်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။